ဒီရက်ပိုင်းမှာ မောပန်းနွမ်းနယ်နေသလို ခံစားနေရပါသလား
တစ်ခါတလေမှာ ကျွန်တော်တို့ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဒါမှမဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာမှာ ဘယ်လောက်တောင် ပင်ပန်းနေပြီလဲဆိုတာကို အဲ့ပင်ပန်းခြင်းတွေက ကျွန်တော်တို့ အနီးနားပတ်ဝန်းကျင်ကအရာတွေကို မထိခိုက်မချင်း သတိတောင်မထားမိတတ်ကြဘူး။ ဒါပေမဲ့ ကျွန်တော် ပြောပြပါရစေ ဘုရားသခင်က သင်မောပန်းနေတာကို သိသလို အပြည့်အဝလည်း နားလည်ပေးပါတယ်။
'ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။' ဟေရှာယ 40:29-31
မိတ်ဆွေ ရေ၊ ဒီနေ့မှာ သင်ဟာ အသက်ရှူမဝသလို ဒါမှမဟုတ် သတ္တိတွေမရှိတော့သလို ခံစားနေရနိုင်ပါတယ်။ အဲ့ဒီအရာကနေ ပြန်လည်သက်သာလာဖို့၊ ခဏလောက်ရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းလေး မေးကြည့်ဖို့ ကောင်းပါတယ်- "ဘယ်အရာက ငါ့ကို တကယ် မောပန်းစေတာလဲ?"
ဘာလို့လဲဆိုတော့ မောပန်းခြင်းတိုင်းက မတူကြပါဘူး။ ဒီလိုမျိုး ရှိနိုင်ပါတယ်…
ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းခြင်း (Physical fatigue) — သင့်ခန္ဓာကိုယ်က ရိုးရိုးလေး ပင်ပန်းနွမ်းနယ်နေတာပါ။
စိတ်ပိုင်းဆိုင်ရာ ပင်ပန်းခြင်း (Emotional fatigue) — သင့်နှလုံးသားက လေးလံပြီး အားအင်ကုန်ခမ်းနေတာပါ။
ဦးနှောက် ပင်ပန်းခြင်း (Mental fatigue) — သင့်စိတ်က မရပ်မနား အလုပ်လုပ်နေပြီး အာရုံစိုက်လို့ မရတော့တာပါ။
အားအင်ကုန်ခမ်းခြင်း (Burnout) — အရာအားလုံးက အရမ်းများလွန်းတယ်လို့ ခံစားရပြီး သင့်ဝိညာဉ်ပါ ပင်ပန်းနေသလို ခံစားရတာပါ။
ဒါတွေထဲက တစ်ခုခုက သင်နဲ့ ရင်းနှီးနေသလို ခံစားရလား။
ရှင်ဘုရင်ဒါဝိဒ်က သူပင်ပန်းနွမ်းနယ်တဲ့အချိန်မှာ ဒီလိုဆုတောင်းခဲ့ပါတယ်...
'အိုထာဝရဘုရား၊ အကျွန်ုပ်သည် ခွန်အားနည်းလှပါ၏။ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိရှိစေတော်မူပါ။' ဆာလံ 6:2
ရှင်ဘုရင်ဒါဝိဒ်လိုပဲ၊ ဘုရားသခင်ကလည်း သင့်ရဲ့ မောပန်းနွမ်းနယ်မှုအကြောင်းကို ရိုးသားစွာ ဝန်ခံဖို့ သင့်ကို ဖိတ်ခေါ်နေပါတယ်။ မိတ်ဆွေ ရေ၊ သင့်အတွက်ကရော ဘာကြောင့် ပင်ပန်းနွမ်းနယ်တာဖြစ်မလဲ။ ဒါဟာ အနားယူချိန်မရှိတာ၊ အလုပ်အရမ်းများတာ၊ ပေါင်းသင်းဆက်ဆံရေးအခက်အခဲတွေ၊ ဖျားနာမှု၊ အလုပ်ကဖိအား၊ အနာဂတ်အတွက် စိုးရိမ်ပူပန်မှု၊ ဒါမှမဟုတ် မျှော်လင့်ချက်မရှိသလို ရိုးရိုးလေး ခံစားနေရတာကြောင့် စသဖြင့် ဖြစ်နိုင်ပါတယ်။
နှုတ်ကပတ်တော်က 'လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။” လို့တောင် ဆိုထားပါတယ်။ ကျွန်တော်တို့ထဲမှာ အသန်မာဆုံးသူတွေလို့ထင်ရတဲ့ လူပျိုတွေကတောင် ပင်ပန်းနိုင်တယ်ဆိုရင်၊ နေ့တိုင်း နေ့တိုင်း အကောင်းဆုံး ပေးဆပ်နေရတဲ့ သင်လည်း ပင်ပန်းနိုင်တာ အံ့သြစရာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီနေ့ သင်သိရမယ့်အရာတစ်ခုက ဘုရားသခင်က သင့်ပင်ပန်းတာကို အပြည့်အဝ နားလည်ပေးတယ် ဆိုတာပါပဲ။ သင် ဘာကြောင့် ပင်ပန်းနေလဲ၊ ဘယ်လို မောပန်းနွမ်းနယ်မှုကို သယ်ဆောင်ထားရလဲဆိုတာ သူ အတိအကျ သိပါတယ်။
ယေရှုက...
'ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။-' ရှင်ယောဟန် 10:14
ဒါက ဘာကိုဆိုလိုသလဲဆိုတော့ သူက သင့်ကို သိပါတယ်၊ |မိတ်ဆွေ ရေ။ သင် ဖြတ်သန်းခဲ့ရတဲ့ ရှည်လျားတဲ့ နေ့ရက်တိုင်း၊ ညဉ့်နက်တဲ့ အချိန်တိုင်း၊ တိတ်ဆိတ်စွာ ကျခဲ့ရတဲ့ မျက်ရည်တိုင်းကို သူ မြင်ပါတယ်။
ဘုရားသခင်က သင်မောပန်းနေတာကို နားလည်ပေးရုံတင် မဟုတ်ဘူး... သင့်ကို အဲ့ဒီအရာကနေ ကယ်နှုတ်ဖို့ အကြံအစည်လည်း သူ့မှာ ရှိပါတယ်။
ဒါကြောင့် ဒီနေ့ကစပြီး၊ ဘုရားသခင်ရဲ့ အနားယူခြင်းထဲကို ဝင်ရောက်ဖို့ စတင်လိုက်ပါ။
သင့်ရဲ့ မောပန်းနွမ်းနယ်မှုတွေကို တစ်ယောက်တည်း ထမ်းထားစရာ မလိုတော့ပါဘူး။
အသက်ကို ဝဝရှူလိုက်ပါ... သူဟာ သင့်ဘေးမှာ အမြဲရှိနေပြီး သင့်ခွန်အားကို ပြန်လည် ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေပါတယ်။
မိတ်ဆွေ သင်ဟာ ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။