မိတ်ဆွေ ရေ၊ အားနည်းနေသလို ခံစားနေရလား
တခြားသူကို ဘာမှတောင် မပေးနိုင်တော့လောက်အောင် အားအင်ကုန်ခမ်းသွားသလိုမျိုး ခံစားခဲ့ရဖူးလား။
ဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းဆောင်ပြီး ဘုရားသခင်လျှောက်စေလိုတဲ့လမ်းမှာ လျှောက်လှမ်းရတာဟာ အမြဲတမ်းမလွယ်ကူပါဘူး။ အထူးသဖြင့် သင်ဟာ ပင်ပန်းနွမ်းနယ်နေချိန်၊ အလုပ်များနေချိန်၊ သင်လုပ်နိုင်တာထက် ပိုပြီးထမ်းဆောင်ရချိန်တွေမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တစ်ခုပြောပြချင်တယ် “ဘုရားသခင်က သင့်ကို မြင်တယ် မိတ်ဆွေ”။ သင့်ရဲ့နေ့စဉ်အသက်တာက သင့်ဆီကနေ ဘယ်လောက်တောင် အားအင်တွေ ယူသွားလဲဆိုတာ ဘုရားသခင်သိတယ်... အလုပ်ကိစ္စတွေ၊ မိသားစုကိစ္စတွေ၊ ညဘက် အိပ်မပျော်စေတဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်း အားလုံးကို သူသိတယ်။
ဒါကြောင့် ဒီတစ်ပတ်မှာတော့ ဟေရှာယ ၄၀:၂၉-၃၁ ကို ကျွန်တော်တို့ အတူတူ လေ့လာသွားကြပါမယ်။ ဘုရားသခင်ကိုယ်တော်တိုင်ဟာ ကျွန်တော်တို့ရဲ့ ခွန်အားသစ်အတွက် အရင်းအမြစ်ဖြစ်တယ်ဆိုတာကို ဒီကျမ်းချက်က သတိပေးနေပါတယ်။
'ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။' ဟေရှာယ 40:29-31
ဒီနှုတ်ကပတ်တော်မှာပြောထားသလို မောပန်းတာ နွမ်းနယ်တာတွေကို သင်လည်း ခံစားနေရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ဗလာနတ္ထိဖြစ်နေမယ်။ ရုပ်ပိုင်းဆိုင်ရာအရလည်း တစ်နေ့တာကို ဖြတ်ကျော်ဖို့ သင့်ခွန်အားရှိသမျှ အကုန်သုံးနေရမယ်။ သင့်ခွန်အားတွေ လျော့နည်းသွားသလိုမျိုး... ဒါမှမဟုတ် ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် အစတည်းက ဘာခွန်အားမှ မရှိခဲ့သလိုမျိုး ခံစားနေရနိုင်ပါတယ်။
ဒါပေမဲ့ ဘုရားသခင်ဟာ သူ့ကို ကိုးစားသောသူတို့ရဲ့ ခွန်အားကို အသစ်တဖန် ပြန်လည်ဖြည့်ဆည်းပေးပါတယ်။
ခဏလောက် တွေးကြည့်လိုက်ပါ…
✨ မပင်ပန်း မနွမ်းနယ်ဘဲ သင့်တစ်နေ့တာကို ဖြတ်သန်းသွားနိုင်တာ။
✨ မမောပန်းဘဲ သင့်အသက်တာရဲ့ ပြေးလမ်းကို ပြေးနိုင်တာ။
✨ ကောင်းကင်ကလာတဲ့ ခွန်အားနဲ့ အမြဲတမ်း လန်းဆန်းခွင့်ရနေတာ။
ဘုရားသခင်က သင့်အတွက် ဒါတွေကို အလိုရှိနေတာပါ၊ မိတ်ဆွေ ရေ။ 💛
ဘုရားသခင်ဟာ ခွန်အားအစွမ်းသတ္တိကို ဖန်ဆင်းသောသူပါ။ သူဟာ ဘယ်တော့မှ မပင်ပန်း၊ ဘယ်တော့မှ မအိပ်ငိုက်၊ သင့်ကို ဂရုစိုက်ဖို့ ဘယ်တော့မှ မရပ်တန့်သွားမယ့်သူ ဖြစ်ပါတယ်။ သင် အနားယူနေချိန်မှာတောင် ဘုရားသခင်ဟာ သင့်ကို စောင့်ကြည့်နေပြီး သင့်အသက်တာရဲ့ အသေးစိတ်အရာတိုင်းကို ဂရုစိုက်ပေးနေပါတယ်။
ဒါကြောင့် မိတ်ဆွေ ရေ၊ သင့်အားအင်ကို ကုန်ခမ်းစေတဲ့အရာ... စိုးရိမ်မှုတွေ၊ ပဋိပက္ခတွေ၊ အိပ်ရေးပျက်တာတွေ၊ လုပ်စရာတွေ အရမ်းများနေတာတွေ... အားလုံးကို ဘုရားသခင်ထံ ဒီနေ့ပဲ ပုံအပ်လိုက်ပါ။ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့ ဘုရားသခင်က သူ့ရဲ့ခွန်အားနဲ့ သင့်ကို ယခုပင်လျှင့် တစ်ဖန်ပြန်လည် ဖြည့်ဆည်းပေးပါလိမ့်မယ်။ 🌿
ကျွန်တော်နဲ့အတူ ခဏလောက် အချိန်ယူ ဆုတောင်းကြမလား။
“ ကောင်းကင်ဘုံရှင် အဖဘုရား၊ အရာအားလုံး အဆင်ပြေသွားမှာပါလို့ မျှော်လင့်ပြီး ဒီပင်ပန်းနွမ်းနယ်မှုတွေကို ကျွန်တော့်ဘာသာ ဖြေရှင်းဖို့ ကြိုးစားခဲ့မိပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကိုယ်တော့်ဆီ လာဖို့ ရွေးချယ်လိုက်ပါပြီ။ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ စစ်မှန်တဲ့ အသက်နဲ့ ခွန်အားရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ကျေးဇူးပြု၍ ကိုယ်တော့်တန်ခိုးနဲ့ ကျွန်တော့်ကို အသစ်တဖန် ပြန်လည်တည်ဆောက်ပေးပြီး ကောင်းကင်ကလာတဲ့ ခွန်အားသစ်ကို ပေးသနားပါ။ ကျွန်တော့်မှာ အားအင်ကုန်ခမ်းခါနီးမှ မဟုတ်ဘဲ ကိုယ်တော့်ဆီ အမြန်ဆုံး လာတတ်ဖို့ သင်ပေးပါ။ အလွန်သစ္စာရှိ၊ အလွန်စိတ်ရှည်၊ အလွန်ချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”