သင့်အတွင်းစိတ်ရဲ့ စကားသံကို အာရုံစိုက်ပါ
ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့စိုးရိမ်ပူပန်မှုတွေကို သခင်ယေရှုရဲ့ခြေတော်ရင်းမှာ ချထားပြီး ဝမ်းမြောက်ခြင်းကို ပြန်လည်ရှာတွေ့နိုင်ဖို့အတွက် ဆာလံ ၉၄:၁၈-၁၉ ကို အခြေခံတဲ့ ခရီးစဉ်သစ်တစ်ခုကို စတင်ချင်ပါတယ်။
'ငါ့ခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသောအခါ၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကို ထောက်မပါ၏။ အကျွန်ုပ်၏နှလုံးထဲမှာ စိတ်များပြားသောအခါ၊ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့်၊ အကျွန်ုပ်၏ ဝိညာဉ်သည် ရွှင်လန်းပါ၏။ ' (ဆာလံ ၉၄:၁၈-၁၉)
“‘ငါ့ခြေချော်လျက်ရှိသည်’ဟု အကျွန်ုပ်ဆိုသောအခါ”... ကျွန်တော်တို့ အားလုံးဟာ အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး စကားပြောလေ့ရှိကြပါတယ်။ မိတ်ဆွေ၊ သင်ကော ဘယ်လိုလဲ။ သင့်အတွင်းစိတ်ရဲ့ ဆိတ်ငြိမ်ရာနေရာလေးမှာ သင်ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစကားတွေ ထပ်ခါတလဲလဲ ပြောလေ့ရှိပါသလဲ။ ဘယ်လိုစကားလုံးတွေနဲ့ သင့်ကိုယ်သင် ကျွေးမွေးနေပါသလဲ။
ကျွန်တော်တို့ထဲက တချို့က ကိုယ့်ကိုယ်ကိုယ် ဒီလိုထင်မြင်နေတတ်ကြပါတယ်…
-
ငါက အရည်အချင်းမရှိဘူး၊
-
ငါက လူတွေနဲ့ ရင်းရင်းနှီးနှီး မနေတတ်ဘူး၊
-
ငါက စိတ်မရှည်တတ်ဘူး၊
-
ငါက ဉာဏ်မကောင်းဘူး၊
-
ငါက ရုပ်မချော၊ မလှဘူး၊
-
ငါက ချစ်ခြင်းမေတ္တာနဲ့ မထိုက်တန်ဘူး… စသဖြင့်ပေါ့။
ဒီလိုအတွေးမျိုးတွေကို သင်ဟာ ကိုယ့်ကိုယ်ကိုယ် နှစ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြောဆိုနေခဲ့တာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကလည်း သင့်ကို စကားပြောနေပါတယ်၊ ဒီနေ့မှာတော့ ဘုရားသခင်ရဲ့အသံက သင့်အတွင်းစိတ်ထဲမှာ ပိုပြီးကျယ်လောင်စွာ ထွက်ပေါ်လာနေပါတယ်- “သင်ဟာ ငါ့ရဲ့တစ်ပါးတည်းသောသား၊ ငါ့အသက်နဲ့ ရွေးဝယ်ရလောက်အောင် ထိုက်တန်သောသူ ဖြစ်တယ်။ သင်ဟာ ငါ့ရဲ့ လက်မလျှော့တဲ့ မေတ္တာနဲ့ ထိုက်တန်သူဖြစ်တယ်။”
ကျွန်တော်တို့ရဲ့ အတွင်းစိတ်စကားသံနဲ့ ယုံကြည်ခြင်းကြားက ဆက်စပ်မှုဟာ အလွန်ရှင်းလင်းပါတယ်။ မျှော်လင့်ချက်ပျောက်ဆုံးနေချိန်မှာ ရိုးသားစွာနဲ့ နှလုံးသားကနေ ဆုတောင်းခဲ့တဲ့ ပရောဖက်ယေရမိကို ကြည့်ကြည့်ပါ- 'သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မျှော်လင့်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။ အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကိုလည်းကောင်း၊ ဒေါနနှင့် သည်းခြေအရည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။ ဧကန်အမှန် အောက်မေ့တော်မူလိမ့်မည်။' (ယေရမိမြည်တမ်းစကား ၃:၁၈-၂၀)
ဒါပေမဲ့ ဘုရားသခင်က ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ်ပြောနေတဲ့စကားတွေကို ပြောင်းလဲဖို့ အချိန်ယူရတယ်ဆိုတာ သိပါတယ်။ ပရောဖက်ယေရမိက အဲ့ဒီဆုတောင်းချက်ထဲမှာပဲ ဒီလိုဆက်ပြီးပြောခဲ့ပါတယ်- 'ထိုသို့ အကျွန်ုပ်၏စိတ်နှလုံးသည် ဆင်ခြင်၍သတိရသောအခါ မျှော်လင့်စရာအခွင့်ရှိပါ၏။ ထာဝရဘုရားသည်သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။ ငါ့ဝိညာဉ်၏သဘောဟူမူကား၊ ထာဝရဘုရားသည် ငါ၏အဖို့ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်ကို ငါမျှော်လင့်ပါ၏။'(ယေရမိမြည်တမ်းစကား ၃:၂၁-၂၄)
Lauren Daigle ရဲ့ "You Say" ဆိုတဲ့ ဒီတန်ခိုးပါတဲ့ ဓမ္မသီချင်းလေးက ဘုရားသခင်က သင့်အကြောင်း ဘယ်လိုပြောထားသလဲဆိုတာကို သင်ဘယ်လိုစတင်ပြီး အမှန်တကယ်ယုံကြည်လာနိုင်မလဲဆိုတာကို ဖော်ပြပေးပါတယ်။ ဒီသီချင်းလေးက ကိုယ်တိုင်တန်ဖိုးမရှိဘူးလို့ ခံစားရတဲ့ အတွင်းစိတ်ရုန်းကန်မှုတွေကို ယုံကြည်ခြင်းအားဖြင့် ဘယ်လိုခွန်အားယူပြီး ကိုယ့်ရဲ့တန်ဖိုးကို ဘုရားသခင်ထဲမှာ ရှာတွေ့နိုင်ကြောင်း ပြောပြထားပါတယ်။
သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို စွန့်လွှတ်ပြီး ဝမ်းမြောက်ခြင်းကို ပြန်လည်ရှာတွေ့ဖို့အတွက်၊ သင်ကိုယ့်ကိုယ်ကိုယ် ဘာတွေပြောနေလဲဆိုတာကို နားထောင်ခြင်းဖြင့် အရင်ဆုံးစတင်ပါ။ ပြီးရင် အဲ့ဒီအတွေးအခေါ်တွေကို ဒီနေ့ပြောင်းလဲလိုက်ပါ။ ဘုရားသခင်ဟာ စိတ်ရှည်တော်မူပါတယ်၊ သင်သာခွင့်ပြုမယ်ဆိုရင် ဘုရားသခင်က သင့်ကိုကူညီပါလိမ့်မယ်။ ကိုယ်တော်နဲ့အတူ၊ ဘုရားသခင် သင့်အကြောင်းပြောထားတဲ့ သမ္မာတရားကို သင်ရှာဖွေတွေ့ရှိပြီး ယုံကြည်လာပါလိမ့်မယ်။
သင်ဟာ ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။