မီးလျှံထဲ ဖြတ်သန်းနေရပါသလား ?

သင့်အနေနဲ့ ယခုလက်ရှိ ဘာကို တွေ့ကြုံနေရသလဲ ၊ ဘယ်လို ဖြတ်သန်းနေရသလဲ ဆိုတာ ကျွန်မမသိပါဘူး။
ဒါပေမယ့် ဒီနေ့မှာ ကျွန်မ အားပေးချင်ပါတယ် …
ဘယ်လိုမျိုး စုံစမ်း စစ်ဆေးခြင်းတွေ တွေ့ကြုံနေရပါစေ ခိုင်ခံ့ခြင်းရှိပါ မိတ်ဆွေ ရေ...
အခုတွေ့ကြုံနေရတဲ့ ပြသနာအခက်အခဲတွေက ဘယ်လောက်ပဲ ပြင်းထန်ပါစေ ၊ ခက်ခဲပါစေ … တခါတရံ မီးလျှံထဲ ဖြတ်သန်းနေရသလို ခံစားနေရရင်တောင်မှ ဒီအခက်အခဲတွေက သင့်အတွက် ထူးခြားတဲ့ သက်သေခံချက်တွေ ဖြစ်လာပါလိမ့်မယ် …
ကျမ်းစာထဲမှာ ဧသတာ အကြောင်းကို ကျွန်မတို့ ဖတ်ရှုတဲ့အခါ ဧသတာဟာ မိဘမဲ့ ၊ ကျွန်တစ်ယောက်အဖြစ်ကနေ သူ့လူမျိုးတစ်နွယ်လုံးကို ကယ်တင်နိုင်ခဲ့တဲ့ ဘုရင်မ တစ်ပါး ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ဒီနေ့သင့်ကို ခွန်အားပေးချင်တဲ့ အရာက -
ဒီမီးတောက်ဟာ သင့်ကို လောင်ကျွမ်းသွားမှာ မဟုတ်ဘူး။
သင့်ကို ဘုရားရဲ့အကြံအစည်ထဲမှာ ပိုပြီး သန့်စင် တောက်ပသွားစေဖို့ ပြုစုပေးတဲ့ မီးတောက်ဖြစ်ပါတယ်။
သင်ဟာ ညှင်းဆဲခြင်း ခံရတဲ့သူမဟုတ်ဘူး ၊ ပြင်ဆင်ခြင်းကို ခံရသောသူဖြစ်ပါတယ် !
“သင်သည် ရေကိုလျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။” ဟေရှာယ ၄၃:၂
ဒီနှုတ်ကပါတ်တော်အတိုင်းပဲ ကျွန်မတို့ဟာ ဘုရားသခင်အပေါ် ရပ်တည်မယ် ၊ သူ့ကိုယုံကြည်ပြီး အရာခပ်သိမ်းကို ပေးအပ်နိုင်ပြီဆိုရင် ဒီမီးလျှံတွေကို ဖြတ်သန်းနေရတဲ့ အချိန်ကာလဟာ သင့်အတွက် ခွန်အားဖြစ်စေပြီး ၊ အလှပဆုံး အဖြစ်အပျက် ၊ အံ့ဩဖွယ်ရာ သက်သေခံချက် တွေ ဖြစ်လာမှာပါ !
ဒီနှုတ်ကပါတ်တော်ကို ဆင်ခြင်ဖို့ ခွန်အားပေးချင်ပါတယ်
“ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည်ကာလ ခိုလှုံရာဖြစ်တော်မူ၏။” ဆာလံ ၉:၉
မိတ်ဆွေ ရေ...
ဘုရားသခင်က သင့်ရဲ့ ရဲတိုက် ၊ သင့်ရဲ့ လက်ရုံး ၊ သင့်ရဲ့ အစွမ်းသတ္တိ ဖြစ်တယ်ဆိုတာ ယုံလိုက်ပါ
ဒီမီးလျှံတွေမှာ သင်ဟာ ထာဝရ ဖြတ်သန်းရမှာမဟုတ်ပါဘူး။
ဒါပေမယ့် ဖြတ်သန်းနေရတဲ့ ကာလမှာတော့ ဘုရားသခင်ရဲ့ တန်ခိုးကြီးတဲ့ လက်တော် ၊ ဘုန်းတော် နဲ့ကွယ်ကာခြင်းကို ထင်ရှားစွာနဲ့ မြင်တွေ့ရမှာပါ …
ဘုရားသခင်ရဲ့ တန်ခိုးတော်က သင့်အတွက် လုံလောက်ပါတယ် 🤍
