သင်ကို တည်ဆောက်ပေးမယ့် နူးညံ့သိမ်မွေ့ခြင်း

သခင်ယေရှုက နှုတ်ကပတ်တော်ထဲမှာ ဒီလိုမိန့်ဆိုထားပါတယ် - 'ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။- ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။- ' ရှင်မဿဲ ၁၁:၂၈-၂၉
Adolphe d'Houdetot က ဒီလိုလှပစွာဆိုခဲ့ပါတယ်- “စစ်မှန်တဲ့နှိမ့်ချခြင်းဟာ ဘယ်တော့မှ ဖုံးကွယ်နေမှာမဟုတ်ဘူး။ အဲ့ဒါဟာ မြက်ပင်တွေကြားမှာ ပုန်းကွယ်နေတဲ့ နွေဦးပန်းလေးတစ်ပွင့်လိုပဲ၊ သူ့ရဲ့ရနံ့က နေရာအနှံ့အပြားကို ပျံ့လွင့်စေတယ်”
နှိမ့်ချခြင်းတရားဟာ စိတ်ဝိညာဉ်ရဲ့ စစ်မှန်တဲ့အလှတရားဖြစ်ပါတယ်။ နှိမ့်ချခြင်းနဲ့ နူးညံ့သိမ်မွေ့ခြင်းတို့ဟာ လူတွေရှေ့မှာ ထင်ပေါ်အောင်လုပ်လေ့မရှိပါဘူး။ ဒါပေမယ့် အဲ့အထဲမှာပဲ စစ်မှန်တဲ့ အနားယူခြင်းကို ကျွန်ုပ်တို့အား ရှာတွေ့စေနိုင်တာဖြစ်ပါတယ်... ကျွန်ုပ်တို့ စိတ်ဝိညာဉ်ကို ပင်ပန်းစေတဲ့ ဒေါသနဲ့မာနတို့နဲ့ လုံးဝမတူပါဘူး။
နှိမ့်ချခြင်းနဲ့ နူးညံ့သိမ်မွေ့ခြင်းတို့ကို သင်ပြပေးနိုင်တဲ့ အကောင်းဆုံးသော ဆရာကတော့ ဒီအရည်အသွေးတွေနဲ့ ကိုယ်တိုင်ရှင်သန်နေထိုင်ပြခဲ့တဲ့ ယေရှုခရစ်တော် ကိုယ်တိုင်ပဲဖြစ်ပါတယ်။ နှုတ်ကပတ်တော်က ဒီလိုပြောထားပါတယ်- 'ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးရာ ငါရွေးချယ်သောသူကို ကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။ အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှ မကြားစေရ။ နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး။ အတောက်သေးသော မီးစာကို မသတ်။ တရားသည် မြဲမြံခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။' ဟေရှာယ ၄၂:၁-၃
သခင်ယေရှုဟာ အော်ဟစ်ကြွေးကြော်ခြင်းမရှိပါဘူး... သူဟာ အင်အားသုံးပြီး သူ့စကားကို လူတွေနားထောင်အောင် မလုပ်ပါဘူး။ ကိုယ်တော်ဟာ နူးညံ့သိမ်မွေ့တော်မူပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ကို အနားရစေတဲ့ နူးညံ့သိမ်မွေ့ခြင်းကို ခံယူဖို့ ယေရှုခရစ်တော်တည်းဟူသော ဆရာထံမှာ သင်ယူလိုက်ပါ။
မိတ်ဆွေ၊ သခင်ယေရှုဟာ သင့်ကို ချိုးဖဲ့ဖျက်ဆီးမယ့်သူမဟုတ်ပါဘူး။ အဲ့ဒီအစား ကိုယ်တော်ဟာ သင့်ကို ပြန်လည်ပြုပြင်တည်ဆောက်ပေးသောသူ၊ သင့်စိတ်ဝိညာဉ်ကို ပြန်လည်ကုစားပေးသောသူ ဖြစ်ပါတယ်။ မီးခိုးထွက်နေတဲ့မီးစာကိုတောင် ကိုယ်တော်က ငြိမ်းမပစ်ပါဘူး... ဒီနေ့ သင့်မှာကျန်တာဆိုလို့ ခုန်နေသေးတဲ့နှလုံးသားတစ်ခုပဲဖြစ်နေရင်တောင်၊ သင့်အတွက် မျှော်လင့်ချက်ဟာ ရှိနေပါသေးတယ်။ ဘုရားသခင်ဟာ သင့်ဘဝနဲ့ပတ်သက်ပြီး အလှပဆုံးသော အရာများနဲ့ အမြဲတမ်းကကြံစည်ပို့ဆောင်ပေးတဲ့ ဘုရားသခင်ဖြစ်ပါတယ်။ သူဟာ သင့်ကို သူ့ရဲ့ နူးညံ့သိမ်မွေ့ခြင်းနဲ့ တဖြေးဖြေးချင်း ဆွဲခေါ်သွန်သင်ပေးမယ့် ဆရာဖြစ်ပါတယ်။
ဒီနေ့မှာတော့၊ ကိုယ်တော်ဟာ သူ့ရဲ့နူးညံ့သိမ်မွေ့ခြင်းနဲ့အတူ သင့်ကို ပြန်လည်တည်ဆောက်ပေးပြီး ပြုပြင်ပေးနေပါတယ်။ သင့်ရဲ့ငြိမ်သက်ခြင်းအတွက် ကျခံရမယ့်အပြစ်ဒဏ်ဟာ ဒဏ်ချက်တော်အားဖြင့် ကိုယ်တော့်အပေါ်မှာ သက်ရောက်ခဲ့ပြီးဖြစ်လို့... သင် ဘာကိုမှ ထပ်ပြီးကြောက်ရွံ့နေစရာမလိုတော့ပါဘူး။ သင်ဟာ ယေရှုရဲ့အထဲမှာ အနားရသောသူ ဖြစ်ပါတယ်။
သင်ဟာ ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။
