ကမ္ဘာပေါ်မှာ အကောင်းဆုံးသောဆရာ

သခင်ယေရှုက နှုတ်ကပတ်တော်ထဲမှာ ကျွန်ုပ်တို့ကို ပြောထားပါတယ် - 'ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။- ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။- ' ရှင်မဿဲ ၁၁:၂၈-၂၉
သင့်ကို မေးခွန်းတစ်ခုလောက် မေးပါရစေ- တကယ်လို့သင်ဟာ အပြင်းအထန်ဖျားနာနေမယ်ဆိုရင် ဘယ်သူ့ဆီကို သင်သွားမှာလဲ။ တွေ့တဲ့ ကြုံရာ ဆရာဝန်နဲ့ ပြပြီး ကျေနပ်မှာလား၊ ဒါမှမဟုတ် သင့်ရောဂါအတွက် အတော်ဆုံးနဲ့ အထူးကုဆရာဝန်ကြီးကို သင်ရှာဖွေမှာလား။
ကျွန်တော်တို့အားလုံးဟာ ကျွမ်းကျင်တဲ့သူဆီကိုပဲ သွားချင်ကြမယ်ဆိုတာ သေချာပါတယ်။ ဘယ်သူကမှ ကိုယ့်အသက်နဲ့ ကျန်းမာရေးကို အစွမ်းကုန်ဂရုမစိုက်ပေးတဲ့သူ၊ ကျွမ်းကျင်မှုမရှိတဲ့သူရဲ့လက်ထဲကို အပ်ချင်ကြမှာမဟုတ်ပါဘူး။
ဒါဆို ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းအတွက်ကော ဘယ်လိုလဲ။ ယုံကြည်ခြင်းဟာ ခိုင်မြဲတည်တံ့ဖို့အတွက်ဆိုရင် အဆက်မပြတ် သွန်သင်ပေးမှုတွေ လိုအပ်ပါတယ်။ အသေချာဆုံးသော သွန်သင်မှုကတော့ ဆရာတကာတို့ရဲ့ဆရာဖြစ်တဲ့ သခင်ယေရှုဆီကနေပဲ လာတာဖြစ်ပါတယ်။ သခင်ယေရှုဟာ သူ့ရဲ့မေတ္တာတော်အားဖြင့် အရာခပ်သိမ်းကို ကျွန်ုပ်တို့အား သွန်သင်ပေးလိုပါတယ်- 'သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်လမ်းကိုပြညွှန်မည်။ သင့်ကို ကြည့်ရှုပြုစုမည်။ ဉာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်။' ဆာလံ ၃၂:၈
ဒါဆိုရင် ကိုယ်တော်က ကျွန်ုပ်တို့ကို ဘာတွေသင်ပေးချင်တာလဲ။ သခင်ယေရှုရဲ့ သွန်သင်ခြင်းအနှစ်သာရကို နားလည်ခဲ့တဲ့ တမန်တော်ပေတရုက ဒီလိုပြောခဲ့ပါတယ်- 'ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌ တည်ပါ၏။-' ရှင်ယောဟန် ၆:၆၈
မိတ်ဆွေ၊ အခုချိန်မှာ ဘုရားသခင် သင့်ကို စစ်မှန်တဲ့အနားယူခြင်းနဲ့ ပတ်သက်ပြီး သွန်သင်ပေးချင်တဲ့ အရာတွေကတော့…
-
စစ်မှန်တဲ့အနားယူခြင်းဟာ ဘယ်အချိန်မှာ ရပ်နားရမလဲဆိုတာကို သိခြင်း ဖြစ်တယ်။
-
စစ်မှန်တဲ့အနားယူခြင်းဟာ ကိုယ်တိုင် ကြိုးစားရုန်းကန်ခြင်းတွေကို ရပ်တန့်လိုက်ခြင်း ဖြစ်တယ်။
-
စစ်မှန်တဲ့အနားယူခြင်းဟာ ဘုရားသခင်ရဲ့ ခြေတော်ရင်းမှာ အရာအားလုံးကို စွန့်လွှတ်၊ လွှတ်ချလိုက်ခြင်းဖြစ်တယ်။
နှုတ်ကပတ်တော်ထဲမှာ ဖော်ပြထားတဲ့ မာရိကဲ့သို့ သခင်ယေရှုရဲ့ ခြေတော်ရင်းမှာ ရပ်နားပြီး ထာဝရအသက်နဲ့ ဆက်ဆိုင်တဲ့ သခင်ယေရှုရဲ့သွန်သင်မှုတွေကို ခံယူလိုက်ပါ။
ဒီနေ့မှာတော့ ဆိတ်ငြိမ်ရာအခန်းကိုဝင်ပြီး သင့်ဝန်ထုပ်ရှိသမျှကို ကိုယ်တော်ရဲ့ ခြေတော်ရင်းမှာ ချထားလိုက်ဖို့ သင့်ကိုအားပေးတိုက်တွန်းချင်ပါတယ်။ ပြီးရင်၊ သင့်အခန်းထဲက ပြန်ထွက်လာတဲ့အခါ၊ သင့်ရဲ့ပြဿနာကို ယေရှုနဲ့အတူ အခန်းထဲမှာပဲ ထားခဲ့လိုက်ပါ။ ပြီးတော့ ကိုယ်တော့်ကိုပြောလိုက်ပါ… “အခုချိန်ကစပြီး ဒီကိစ္စကို ကိုယ်တော်ပဲ အလုံးစုံတာဝန်ယူပေးပါ” လို့ ပြောလိုက်ပါ။
ဘုရားကောင်းကြီးပေးပါစေ။
