ဘယ်ဝန်ထုပ်က အလေးဆုံးဖြစ်မလဲ?

သင်ထမ်းထားရတဲ့ ဝန်ထုပ်တွေထဲမှာ ဘယ်ဝန်ထုပ်က အလေးလံဆုံးဖြစ်မလဲဆိုတာ သင်သိပါသလား။
သခင်ယေရှုက နှုတ်ကပတ်တော်ထဲမှာ ထပ်မံအတည်ပြုထားပါတယ် - 'ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။- ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။- ' ရှင်မဿဲ ၁၁:၂၈-၂၉
တကယ်လို့သာ တိုင်းတာလို့ရရင်၊ သင့်ရဲ့ဝန်ထုပ်ဟာ အလေးချိန် ဘယ်လောက်ရှိနေမလဲ။
-
မကျန်းမာခြင်းနဲ့ ပတ်သက်တဲ့ ဝန်ထုပ်ကြောင့် လေးလံနေသလား။
-
မိသားစုရဲ့ ပြိုကွဲမှုတွေကြောင့် သင်ပင်ပန်းနေပြီလား။
-
ငွေရေးကြေးရေးနဲ့ ဆက်ဆိုင်တဲ့ ဝန်ထုပ်ကြောင့် လက်လျှော့အရှုံးပေးချင်နေပြီိလား။
မိတ်ဆွေ အတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။ ဒီသတင်းကောင်းလေးက သင့်ကို ဘုရားသခင်ထံသို့ ပြန်လည်မော့ကြည့်ဖို့ရန် ခွန်အားဖြစ်စေလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
'ထိုကာလ၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်ကလည်းကောင်း၊ သူ၏ထမ်းပိုးကို သင်၏လည်ပင်းပေါ်ကလည်းကောင်းချရ၏။ ဆူဝခြင်းကျေးဇူးကြောင့် ထမ်းပိုးပျက်စီးရ၏။' ဟေရှာယ ၁၀:၂၇
ဒီနှုတ်ကပတ်တော်က ဘာကိုပြောနေသလဲဆိုရင် ကျွန်တော်တို့ မထမ်းသင့်တဲ့ဝန်ထုပ်တွေဖြစ်တဲ့ - အပြစ်ရှိစိတ်ရှိခြင်း၊ တပါးသူနှင့် နှိုင်းယှဉ်ခြင်း၊ မနာလိုဝန်တိုခြင်းစသဖြင့် ကျွန်ုပ်တို့ဘဝထဲကို ပင်ပန်းနွမ်းနယ်စေတဲ့ ဝန်ထုပ်တွေအပြင် တခြားသော ဝန်ထုပ်ရှိသမျှအားလုံးအတွက် သခင်ယေရှုခရစ်တော်က လက်ဝါးကားတိုင်ပေါ်မှာ အသေခံပြီး ကျွန်ုပ်တို့ကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။ အဲ့တာသည် ဆူဝခြင်းကျေးဇူးတော်အားဖြင့်ဖြစ်ပါတယ်။
သခင်ယေရှုဟာ ကျွန်ုပ်တို့ကို ပြည့်စုံကြွယ်ဝတဲ့ အသက်တာကို ပေးဖို့ကြွလာတာပါ။ ဘုရားသခင်ဟာ လွယ်ကူပြီး ချက်ချင်းကောင်းစားတဲ့ဘဝကို ရမယ်ဆိုတဲ့ ကတိကို ပေးခဲ့တာမဟုတ်ဘဲ၊ ကျွန်ုပ်တို့နဲ့အတူ ဘေးမှာ ခက်ခဲ၊ လေးလံ၊ ပင်ပန်းခြင်းတွေ ကြားထဲမှာ အဖော်ပြုပြီး အတူလျှောက်လှမ်းမယ့် ဘဝသစ်တစ်ခုအတွက် ကတိပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အဆုံးမှာတော့၊ ကျွန်တော်တို့ နားလည်ရမယ့်အရာတစ်ခုက အလေးလံဆုံးသောဝန်ထုပ်ဆိုတာ သခင်ယေရှုမပါဘဲ အသက်ရှင်နေထိုင်ခြင်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သခင်ယေရှုနဲ့အတူလျှောက်လှမ်းခြင်းအားဖြင့်သာလျှင် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ယုံကြည်ခြင်းနဲ့ စိတ်ချမှုတွေကို ရှိနိုင်လို့ပဲဖြစ်ပါတယ်။ သခင်ယေရှုနဲ့အတူလျှောက်လှမ်းခြင်းမရှိရင်တော့ ဝန်ထုပ်ရှိသမျှအားလုံးကို သင်ကိုယ်တိုင်ကပဲ တာဝန်ယူပြီး ထမ်းရမှာပါ။ ဒါဟာ တကယ်အလေးလံဆုံးသော ဝန်ထုပ်ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါဘူး။ သခင်ယေရှုက သင့်ကို အမြဲကြည့်ရှုစောင့်မပေးနေတယ်။ သင့်ကို ကာကွယ်ပေးနေတယ်။ သင့်ကို ချစ်နေတယ်။ သင်နဲ့အတူ သင့်ရဲ့ ဝန်ထုပ်ရှိသမျှကို ပေါ့ပါးစေနေပါတယ်။
ဒီနေ့ မိတ်ဆွေ အတွက် ကျွန်ုပ်ရဲ့ဆုတောင်းချက်ကတော့ သင်ဟာ ဒီကတိတော်ကို မြဲမြံစွာ စွဲကိုင်ထားဖို့ပါပဲ- ဘုရားသခင်ဟာ ကမ္ဘာကုန်သည့်တိုင်အောင် သင့်နဲ့အတူ အစဉ်မပြတ် ရှိနေတာဖြစ်ပါတယ်။ (မဿဲ ၂၈:၂၀)
အတူတကွ ဆုတောင်းကြရအောင်… “အို သခင်ဘုရား၊ ကိုယ်တော်ဟာ ကျွန်ုပ်၏နှလုံးသားကို သိသောဘုရားသခင်ဖြစ်ပါတယ်။ ကျွန်ုပ်ကိုယ်တော်ကို ဘယ်လောက်ချစ်ကြောင်းကိုလည်း သိမြင်သောဘုရားသခင်ဖြစ်ပါတယ်။ ကိုယ်တော်ဟာ ကျွန်ုပ်နှင့်အတူ အစဉ်မပြတ်ရှိနေကြောင်းကို ကျွန်ုပ်သိပါတယ်၊ ဒါကြောင့် ကိုယ်တော့်ကို ပိုမိုသိကျွမ်းခံစားလိုပါတယ်။ ကျွန်ုပ်အပေါ်မှာ လေးလံနေတဲ့ အရာအားလုံးကို ကိုယ်တော့်ထံ အပ်နှံပါတယ်။ ကိုယ်တော့်ကို မျှော်လင့်တကြီးနဲ့ စောင့်မျှော်နေပါတယ်။ ကိုယ်တော်ဟာ ကတိတော်လာသည်အတိုင်း ယခုပင် ကျွန်ုပ်အား သက်သာခြင်းကို ပေးပြီဖြစ်လို့ကျေးဇူးတင်ပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”
