သင်နှင့် ယေရှုအတူရှိတယ်

ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ သက်သေခံချက်လေးနဲ့ အစပြုချင်ပါတယ်။ The City Yangon မှာ ပထမဦးဆုံး လက်ထောက်သင်းအုပ်အနေနဲ့ စင်ပေါ်မှာတရားဟောတဲ့နေ့တုန်းက ကျွန်တော် အတော်လေးကို စိတ်လှုပ်ရှားနေခဲ့မိပါတယ်။ အဲ့နေ့ စင်ပေါ်မတက်ခင်အထိ ကျွန်တော့်ရဲ့ နှလုံးခုန်သံကို ကျွန်တော်ပြန်ကြားနေခဲ့ရတဲ့အထိ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ အဲ့အချိန်မှာပဲ ကျွန်တော်စဉ်းစားမိတဲ့အရာက စင်ပေါ်တက်တဲ့အချိန်အထိ အဲ့လိုဖြစ်နေရင်တော့ ကျွန်တော် ဘယ်လိုလုပ်မလဲဆိုတာပါပဲ။ အဲ့တာနဲ့ မျက်စိလေးမှိတ်ပြီး ဘုရားသခင်ကို အာရုံပြုလိုက်တဲ့အခါမှာ ကျွန်တော့်အထဲမှာ ငြိမ်သက်ခြင်းကို ခံစားရတယ်။ ပြီးတော့ ဘုရားသခင် ကျွန်တော်နဲ့အတူရှိနေတယ်ဆိုတဲ့ စိတ်ချခြင်းကို ခံစားရတယ်။ အဲ့လိုနဲ့ပဲ အချိန်ရောက်လာတော့ စင်ပေါ်တက်ပြီး နှုတ်ကပတ်တော်ဝေငှခဲ့တယ်။ ကျေးဇူးတော်ကြောင့် ဝေငှနေရင်း ဘုရားမျက်မှောက်တော်ကို ခံစားရတယ်။ ဝေငှခြင်းအပြီးမှာတော့ အားလုံးကို အသက်တာဆက်ကပ်အပ်နှံဖို့ရန် အရှေ့ကို ထွက်လာစေပြီး ဆုတောင်းပေးဖို့ရန် ခေါ်ဖိတ်တော့ လူတွေထွက်လာပြီး ဆုတောင်းခံခဲ့ကြတယ်။
ရက်သတ္တပတ်အနည်းငယ်ကြာတော့ အသင်းသားထဲက မိခင်တစ်ဦးဖြစ်သူက သူ့သမီးလေးလက်ကို ဆွဲလာပြီး ကျွန်တော့်ဆီကို ချဉ်းကပ်လာကာ သူသက်သေခံချင်ကြောင်းပြောပါတယ်။ အဲ့တာနဲ့ သူ့ကို အချိန်ပေးတော့ သူကဘာပြောလဲဆိုရင် “ပြီးခဲ့တဲ့တစ်ခေါက် ဆရာနှုတ်ကပတ်တော်ဝေငှတုန်းက ကျွန်မနဲ့အတူ ကျွန်မသမီးလေးလည်း ရှိနေခဲ့ပါတယ်။ ကျွန်မကတော့ ယေရှုခရစ်တော်ကို ယုံကြည်တဲ့ ယုံကြည်သူဖြစ်ပေမယ့် ကျွန်မသမီးလေးကတော့ မဟုတ်ပါဘူး။ သူ့ကို ဘုရားကျောင်းခေါ်လာဖို့တောင် ခက်ခဲနေခဲ့တာပါ။ အဲ့နေ့က ဆရာနှုတ်ကပတ်တော်ဝေငှတာကို ကျွန်မသမီးလေး အစအဆုံးနားထောင်ခဲ့ရပါတယ်။ နှုတ်ကပတ်တော်ဝေငှခြင်းအပြီး အသက်တာဆက်ကပ်အပ်နှံဖို့ရန် အရှေ့ကို ခေါ်ထုတ်တော့ ကျွန်မသမီးလေးက သူ့အထဲကသွားချင်ပေမယ့်လည်း သူကိုယ်တိုင်မသွားဖို့ ငြင်းဆိုနေခဲ့ပါတယ်။ အဲ့လိုနဲ့ သူမျက်စိကို မှိတ်ပြီးနေနေတဲ့အချိန်မှာပဲ သူ့ညာဘက်ဘေးနားကနေ "ရှေ့ကို ထွက်သွားလိုက်” အမျိုးသားတစ်ဦးရဲ့ အသံကို သူကြားလိုက်ရပါတယ်။ အဲ့တာအဲ့တာနဲ့ သူလည်း လှည့်ကြည့်လိုက်တဲ့အခါအနားမှာ ရပ်နေတဲ့သူတွေထဲမှာ အမျိုးသား တစ်ဦးမျှ ရှိမနေခဲ့ပါဘူး။ ဒါနဲ့ သူလန့်သွားပြီး ချက်ချင်းမျက်စိကို မှိတ်ပြီးသူဆုတောင်းလိုက်တဲ့အရာက "ကိုယ်တော်သမီးကို တကယ်ရှေ့ထွက်ခိုင်းစေတယ်ဆိုရင် သမီးကို ဒီထက်ထင်ရှားတဲ့ သက်သေကိုပြပါ” လို့ဆိုတော့ သူမျက်လုံးမှိတ်လျှက်အချိန်မှာပဲ သူ့ရှေ့မှာ အဝတ်ဖြူ၊ မုတ်ဆိတ်မွေးနဲ့ လူတစ်ယောက်ရပ်ပြီးတော့ မျက်နှာကို သေချမမြင်ရပေမယ့် သူ့ကို ပြုံးပြီးတော့ ကြည့်နေခဲ့တယ်ဆိုတဲ့အရာကို သူခံစားရတယ်လို့ပြောပါတယ်။ ဒါနဲ့ပဲ ယေရှုသူနဲ့အတူရှိနေတယ်ဆိုတာကို သိပြီး ချက်ချင်း ဆရာဆုတောင်းပေးနေတဲ့ အရှေ့ကို သူထွက်လာကာ အဲ့နေ့မှာပဲ ယေရှုခရစ်တော်ကို မိိမိရဲ့ အသက်သခင်နဲ့ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့ပါတယ်။” လို့ မိခင်ဟာ မျက်ရည်များနဲ့ ကျွန်တော့်ကို သက်သေခံခဲ့ပါတယ်။ဟုတ်ပါတယ်။ အဲ့နေ့မှာ ယေရှုခရစ်တော်ဟာ ကျွန်တော်နဲ့အတူရှိနေခဲ့သလို ယုံကြည်လက်ခံသွားတဲ့ သမီးလေးနဲ့အတူရှိနေခဲ့သလိုမျိုး မိတ်ဆွေ နဲ့အတူ အချိန်တိုင်းမှာရှိနေတဲ့ ဘုရားသခင်ဖြစ်ပါတယ်။ သင့်ရဲ့ အကောင်းဆုံးသောအချိန်တွေမှာလည်း ရှိနေခဲ့သလို အဆိုးဆုံးသောအချိန်တွေမှာလည်း သင့်ရဲ့မျက်ရည်ရှိသမျှကို သုတ်ပေးလျှက် အတူရှိနေသော ဘုရားသခင်ဖြစ်ပါတယ်။ ဒါကြောင့် သင်တစ်ယောက်တည်း အမြဲတမ်းရှိနေတယ်လို့ မတွေးပါနဲ့။ သင့်ဘေးနားမှာ သင့်ကို သိပ်ချစ်ပြီး ဂရုစိုက်ပေးနေတဲ့ ယေရှုခရစ်တော် အမြဲတမ်းရှိနေပါတယ်။
