ဟန်ချက်ညီဖို့ အရေးကြီးတယ် !

စက်ဘီးကို စပြီး သင်တဲ့အခါ အစပိုင်းမှာ စက်ဘီးကို ဟန်ချက်ညီညီမထိန်းတတ်သေးတော့ ဘယ် ၊ ညာ ယိုင်တတ်ပြီး ချော်လဲတတ်ကြတယ် ။
ဒါပေမယ့် သင်လေ့ကျင့်ပါများပြီး စက်ဘီးကို ဟန်ချက်ညီညီ စီးတတ်ပြီဆိုရင်တော့ လမ်းလျှောက်တာထက် ပိုပြီး မြန်မြန် အရှေ့ကိုရောက်စေတယ်မဟုတ်လား ?
အဲ့လိုပဲ … ဘုရားသခင်နှင့်အတူအသက်ရှင် လျှောက်လှမ်းတဲ့အခါ ဟန်ချက်ညီညီ နဲ့ အသက်ရှင်နေထိုင်ဖို့လိုအပ်တယ် ။
ဘုရားသခင်က ကျွန်မတို့အပြစ်တွေအတွက် ကိုယ်စား ဆပ်ခဲ့ပေးပြီးပြီဆိုတဲ့ အရာဟာ အပြစ်တွေ ထပ်လုပ်ဖို့ ခွင့်ပြုပေးလိုက်တာတော့မဟုတ်ပါဘူး ။
ကျွန်မတို့ဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ထဲမှာ ထာဝရကာလတိုင် နေထိုင်ခွင့်ရသည့်အလျောက် မိမိတို့ အသက်တာကို အပြစ်ထဲမှာ ဆက်လက်ကျင်လည်နေဖို့မဟုတ်ပဲ ဖြောင့်မတ်ခြင်းနဲ့ နေ့ရက်တိုင်းမှာ အသက်ရှင်ဖို့ လိုအပ်ပါတယ် ။
ပြီးခဲ့တဲ့ရက်တွေမှာလည်းလေ့လာခဲ့ကြတယ် ။ ဘုရားအတွက် သင်ဘာလုပ်ပေးလဲ ဆိုတာထက် သင်ဘယ်သူလဲဆိုတာ ပိုပြီးအရေးကြီးတဲ့ အကြောင်းကိုပေါ့ ။
ဒါပေမယ့် သင်ဘယ်သူဖြစ်သလဲဆိုတာ သင်ဘာလုပ်နေသလဲ ဆိုတဲ့အပေါ် မူတည်ပြီး ပေါ်လွင် ထင်ရှားနေတယ်ဆိုတာလည်း သတိရဖို့လိုတယ် ။
ဒီလိုမျိုးပေါ့ !
အားကစားသမားတစ်ယောက်လို့ ခေါ်ခြင်းဟာ အားကစားကို ကြိုးစားအားထုတ်ပြီး လုပ်ဆောင်နေလို့ ဖြစ်တယ် ။
ဆရာဝန်တစ်ယောက်လို့ခေါ်ခြင်းဟာလည်း နာသောသူတွေကိုကုသပေးပြီး ၊ လူ့အသက်ကို ကြိုးစားအားထုတ်ပြီး ကယ်ဖို့ပြင်ဆင်လို့ပဲ ဖြစ်ပါတယ် ။
အဲ့လိုပဲ ဘုရားသားသမီးဖြစ်တဲ့ သင်ကရော ဘယ်အရာတွေကိုကြိုးစားလုပ်ဆောင်နေပါသလဲ ?
ကျမ်းစာထဲမှာ အခုလို ဖော်ပြထားတယ် …
“ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။” ရှင်ယာကုပ် ၂:၂၆
ဒါ သိပ်ကိုမှန်တယ် ။ ကျွန်မတို့ဟာ ဘုရားသားသမီးတွေ ဖြစ်ပြီး ဘုရားသားသမီးကဲ့သို့ အသက်ရှင်ဖို့တော့ လိုပါတယ် …
ဘုရားရဲ့ သားသမီးတွေက -
-
ဆုတောင်းခြင်း
-
ဘုရားသခင်အကြောင်း ဝေငှခြင်း
-
နှုတ်ကပါတ်တော်ဖတ်ရှုလေ့လာခြင်း
-
ချီးမွမ်းကိုးကွယ်ခြင်း
-
ဝိညာဉ်ရေးရာ မိသားစုတွေနဲ့ ချိတ်ဆက် မိဿဟာယ ဖွဲ့ခြင်း စတဲ့ အရာများကို လုပ်ဆောင်တတ်ကြပါတယ် ။
သင်ကိုယ်တိုင်ရော ဒီအရာတွေ လုပ်ဆောင်ဖြစ်သလား မိတ်ဆွေ ရေ …
စစ်မှန်တဲ့ ခရစ်တော်နောက်ကို လိုက်ကြတဲ့ သူတွေရဲ့ အသက်တာက ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ အကျင့်ပါသော ယုံကြည်ခြင်းကို ဟန်ချက်ညီညီ အသက်ရှင်တတ်သောသူတွေဖြစ်ပါတယ် ။
ဒါကြောင့် မိတ်ဆွေ ရေ …
သင်ဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံယူခြင်း နဲ့ အကျင့်ပါသော ယုံကြည်ခြင်းကို ဟန်ချက်ညီညီ လုပ်ဆောင်တတ်ဖို့ ဘုရားသခင် အလိုတော်ရှိပါတယ် ….
သင်ဟာ ကျေးဇူးတော်ကို အထူးခံစားရတဲ့သူဖြစ်တယ် 🤍
