• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ယေရှု

ယေရှုက ဘယ်သူလဲ?

ဒါဟာ ရိုးရှင်းသောမေးခွန်းတစ်ခုဖြစ်သော်လည်း အဖြေမှာ ရှုပ်ထွေးနိုင်ပါတယ်။ ယေရှုဟာ များစွာသောသူတွေရဲ့ စိတ်ဓာတ်ခွန်အား၊ ဝိညာဉ်ခွန်အား အရင်းအမြစ်ဖြစ်ပါတယ်။ ယေရှုရဲ့အသက်တာဟာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး၊ ယေရှုဆီကလာတဲ့ သတင်းစကားဟာလည်း ထူးခြားပြီး အံ့ဖွယ်ဖြစ်လွန်းလှပါတယ်။ ယေရှု မွေးဖွားလာခြင်းဟာ ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့ပြီး၊ ၂.၃ ဘီလီယံရှိတဲ့ လူဦးရေက ယေရှုဟာ ယနေ့တိုင် အသက်ရှင်ဆဲဖြစ်ကြောင်း ယုံကြည်လက်ခံထားကြပါတယ်။ ယေရှုရဲ့အသက်တာ၊ အသေခံတော်မူခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းတို့ဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာသည့်တိုင် ယနေ့ခေတ် လောကကြီးကို ဘယ်လိုဆက်လက် ပြောင်းလဲစေနေကြောင်းကို ဒီနေရာမှာ ရှာဖွေလေ့လာနိုင်ပါတယ်။

01 | ဘယ်လိုစတင်ရမလဲ?

ယေရှုဟာ သမိုင်းတစ်လျှောက်လုံးမှာ အထူးခြားဆုံးနဲ့ အငြင်းပွားအခံရဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ အတွင်း အနုပညာလက်ရာတွေမှာလည်း သူ့ရဲ့ပုံတူရုပ်တု၊ ပန်းချီတွေနဲ့ များစွာ အဖော်ပြခံရတာကို တွေ့ရပါတယ်။ သူ့ရဲ့အကြောင်းတွေကိုလည်း စာအုပ်ပေါင်းသိန်းနဲ့ချီ ရေးသားထုတ်ဝေခဲ့ကြတယ်။ သူ့ကြောင့် စစ်ပွဲတွေ ဖြစ်ပွားခဲ့တယ်၊ ဥပဒေတွေ ပြောင်းလဲခဲ့ရတယ်၊ ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုတဲ့ ပြက္ခဒိန်ပင်လျှင် သူ့ကိုအခြေခံထားပြီး ရေးဆွဲထားခြင်း ဖြစ်ပါတယ်။ ဒါဟာ အပေါ်ယံမျှသာဖြစ်ပြီး၊ ယေရှုခရစ်တော်ဟာ သမိုင်းမှာ အငြင်းပွားအခံရဆုံးဖြစ်သော်လည်း ဩဇာအလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။

သို့သော် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အသက်ရှင်ခဲ့တဲ့ သူတစ်ဦးအကြောင်းကို ကျွန်ုပ်တို့ ဘယ်လို ပိုမိုလေ့လာနိုင်မလဲ။ အမှန်တကယ်တော့၊ သမ္မာကျမ်းစာထဲမှာ ယေရှုခရစ်တော်အကြောင်းကို များစွာဖော်ပြထားပါတယ်။ ယေရှုဟာ ဘယ်သူဖြစ်ကြောင်းနဲ့ ဘယ်လိုအမှုအရာတွေကို ပြုလုပ်ခဲ့ကြောင်း များစွာဖော်ပြထားပါတယ်။ သင်က သမ္မာကျမ်းစာဟာ ခရစ်ယာန်တွေအတွက် မြင့်မြတ်တဲ့ ကျမ်းစာအုပ်အဖြစ် သတ်မှတ်ထားတဲ့အတွက်၊ ၎င်းကို လေ့လာခြင်းက လုံလောက်တဲ့ အရင်းအမြစ်ကို မရနိုင်ဘူးလို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ သို့သော် အမှန်တကယ်မှာတော့ ပညာရှင်တွေ၊ သမိုင်းပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ စာပေကျွမ်းကျင်သူတွေအားလုံးက သမ္မာကျမ်းစာဟာ ထူးခြားပြီး သမိုင်းနဲ့စာပေတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သဘောတူထားကြပါတယ်။ သမ္မာကျမ်းစာအတွင်းက အချက်အလက်တွေ၊ အဖြစ်အပျက်တွေအားလုံးကို သူတို့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ သမ္မာကျမ်းစာရဲ့တန်ဖိုးကိုမူ မျက်ကွယ်ပြုမှာ မဟုတ်ပါဘူး။

02 | ခရစ်ယာန်ယုံကြည်ခြင်း၌

ခရစ်ယာန်ဘာသာထဲမှာ ယေရှုခရစ်တော်ဟာ အဓိကကျတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ခရစ်ယာန်ယုံကြည်ခြင်းရဲ့ အခြေခံအုတ်မြစ်ဟာလည်း ယေရှုခရစ်တော်၌ အလုံးစုံအခြေခံထားတာကို တွေ့ရပါတယ်။ ခရစ်ယာန်တွေဟာ ယေရှုခရစ်တော်ကို 'မေရှိယ' ဖြစ်တယ်လို့ ယုံကြည်လက်ခံကြပြီး၊ ဘုရားသခင်နဲ့ လူသားတွေကို ပြန်လည်သင့်မြတ်စေဖို့ လောကကိုကြွဆင်းလာခဲ့တယ်လို့ ယုံကြည်လက်ခံကြတယ်။ သမိုင်းထဲမှာ ယေရှုဟာ အသေခံခဲ့တယ်လို့ မှတ်တမ်းတင်ထားသော်လည်း၊ ကိုယ်တော်ဟာ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီး အသက်ရှင်ဆဲဖြစ်ကြောင်း၊ ခမည်းတော်ဘုရားနဲ့အတူ ကောင်းကင်ဘုံမှာ စိုးစံနေကြောင်း ခရစ်ယာန်တွေက ယုံကြည်လက်ခံထားကြပါတယ်။ ယေရှုဟာ ကောင်းကင်ဘုံကို ပြန်ကြွသွားခဲ့သော်လည်း၊ ကိုယ်တော်ရဲ့ အမှုတော်မြတ်ဟာ ဆက်လက်တည်ရှိနေပါတယ်။

ယေရှုခရစ်တော် ကောင်းကင်ဘုံကို ပြန်ကြွပြီးတဲ့နောက်၊ ကိုယ်တော်ရဲ့တပည့်တော်တွေဟာ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ကြောင်း၊ ယေရှုခရစ်တော်ဟာ မေရှိယဖြစ်ကြောင်းကို လူတိုင်းကို ဝေငှဖို့ အရပ်လေးမျက်နှာကို ထွက်ခွာသွားခဲ့ကြတယ်။ ဘုရင်တွေ၊ အုပ်ချုပ်သူတွေ၊ နိုင်ငံရေးအာဏာပိုင်တွေက သူတို့ရဲ့သတင်းစကားကို ဆန့်ကျင်ခဲ့ပြီး၊ တပည့်တော်တွေ၊ ယုံကြည်သူတွေကို ကြောက်မက်ဖွယ်ကောင်းတဲ့ နည်းလမ်းတွေနဲ့ သတ်ခဲ့ကြတယ်။ အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်တဲ့နည်းတွေနဲ့ ခရစ်ယာန်ယုံကြည်ခြင်း ပြန့်ပွားမှုကို ရပ်တန့်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြပါဘူး။ အဲဒီညှဉ်းပန်းနှိပ်စက်ခြင်းတွေဟာ သူတို့ရည်ရွယ်သလို ရပ်တန့်သွားစေမယ့်အစား၊ ယုံကြည်ခြင်းကိုသာ၍ တိုးပွားစေခဲ့တယ်။ ယေရှုခရစ်တော်ရဲ့နောက်ကို လိုက်ခဲ့ကြတဲ့ တပည့်တော်တွေနဲ့ ယုံကြည်သူတွေရဲ့ ပေးဆပ်မှု၊ ဆက်ကပ်အပ်နှံမှုတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ အသင်းတော်တွေ ပေါ်ပေါက်လာခဲ့တယ်။

ခရစ်ယာန်ဘာသာဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ဘာသာတရားတစ်ပါးဖြစ်လာတဲ့အပြင်၊ အလျှင်မြန်ဆုံး ကြီးထွားနေတဲ့ ဘာသာလည်းဖြစ်လာပါတယ်။ International Bulletin of Missionary Research (IBMR) ရဲ့ သုတေသနမှတ်တမ်းအရ၊ နေ့စဉ် လူပေါင်း ၁,၀၀၀ ခန့်ဟာ သူတို့ရဲ့ယုံကြည်ခြင်းကို စွန့်ခွာသွားသော်လည်း၊ တစ်ဖက်မှာ နေ့စဉ် လူပေါင်း ၈၃,၀၀၀ ခန့်ဟာ ခရစ်တော်ကိုယုံကြည်လက်ခံပြီး အသင်းဝင်သူဖြစ်လာကြောင်း တွေ့ရှိရပါတယ်။ ဒါဟာ နှစ်စဉ် အသစ်သော ခရစ်ယာန် သန်း ၂၀ တိုးလာခြင်းနဲ့ ညီမျှပါတယ်။ အနောက်ဘက်နိုင်ငံတွေမှာ အသင်းတော်တွေ သေးငယ်လာပုံရသော်လည်း၊ ကမ္ဘာတစ်ဝန်းက အသင်းတော်တွေကတော့ အရှိန်အဟုန်နဲ့ ကြီးထွားလျှက်ရှိပါတယ်။

03 | ယေရှုခရစ်၏သက်တော်စဉ်

အဲဒီပုဂ္ဂိုလ်ဟာ ဘယ်သူဖြစ်မလဲ။ အချိန်ခဏလောက် နောက်ပြန်သွားပြီး ယေရှုခရစ်ရဲ့ဘဝကို ကြည့်ကြရအောင်။

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဘာဖြစ်ခဲ့တာလဲ

ယေရှုကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ဣသရေလနိုင်ငံ၊ ဗက်လင်မြို့မှာ ဖွားမြင်ခဲ့တယ်။ သူ့ရဲ့လောကီဖခင်ဟာ ယောသပ်လို့ခေါ်တဲ့ လက်သမားတစ်ဦးဖြစ်ပြီး၊ မိခင်ကတော့ မာရိလို့ခေါ်တဲ့ နာဇရက်မြို့က မိန်းမပျိုငယ်လေးတစ်ဦး ဖြစ်ပါတယ်။ မာရိဟာ ယောသပ်နဲ့ မထိမ်းမြားမီကပင်၊ အထူးသတင်းစကားတစ်ခုကို ကောင်းကင်တမန်တစ်ပါးဆီကနေ လက်ခံရရှိခဲ့တယ်။ ကောင်းကင်တမန်တစ်ပါးဟာ သူမဆီကို ရောက်ရှိလာပြီး၊ သားယောက်ျားကို ပဋိသန္ဓေစွဲယူရမှာဖြစ်ကြောင်း၊ အဲဒီသားဟာ ဘုရားသခင်ရဲ့သားတော်ဖြစ်တဲ့အတွက် 'ယေရှု' ဆိုတဲ့အမည်နဲ့ မှည့်ရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်။ သူမကို ပဋိသန္ဓေတည်စေသူဟာ ယောသပ်မဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပါတယ်။ အဲဒီယေရှုခရစ်တော်မွေးဖွားတဲ့နေ့ကို ယနေ့တိုင် ခရစ္စမတ်ပွဲတော်အဖြစ် နှစ်စဉ်နှစ်တိုင်း ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနေကြဆဲ ဖြစ်ပါတယ်။

ယေရှုဟာ သာမန်ကလေးတစ်ယောက်ကဲ့သို့ပင် တဖြည်းဖြည်းကြီးပြင်းလာခဲ့တယ်။ သို့သော် ယေရှုဟာ မည်သည့်အခါမျှ အပြစ်အနည်းငယ်မျှပင် မပြုခဲ့ကြောင်း ကျွန်ုပ်တို့ သိရှိရပါတယ်။ ယေရှု ကြီးပြင်းရတဲ့ပုံစံအတိုင်း ကြီးပြင်းရခြင်းဟာ ဘယ်လိုခံစားရမလဲဆိုတာကို စိတ်ကူးကြည့်ရတာ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ သူဟာ သာမန်ကလေးဘဝ အတွေ့အကြုံအားလုံးကို ကြုံတွေ့ခဲ့ရသော်လည်း၊ အခြားကလေးတွေနဲ့ အလွန်ကွာခြားသူ ဖြစ်ခဲ့တယ်။ ယေရှုကိုယ်တိုင် ဘယ်လောက်ထူးခြားသူဖြစ်တယ်ဆိုတာကို ဘယ်အချိန်မှာ နားလည်ခဲ့သလဲဆိုတာကိုတော့ ကျွန်ုပ်တို့ မသိကြပါဘူး။ ယေရှုရဲ့ငယ်စဉ်ဘဝအကြောင်းကိုတော့ များများစားစား မဖော်ပြထားပါဘူး။

တပည့်တော်များ 

ယေရှု အသက် ၃၀ အရွယ်ခန့်ရောက်မှသာ ယေရှုရဲ့အကြောင်းကို ကျွန်ုပ်တို့ ပိုမိုကြားသိရပြန်တယ်။ သူဟာ မိတ်ဆွေတွေဖွဲ့ပြီး အဲဒီသူတွေကိုလည်း သူ့ရဲ့အနားမှာ စုစည်းခဲ့တယ်။ အဲဒီသူတွေကို နောက်လိုက်များ သို့မဟုတ် တပည့်တော်များလို့လည်း ခေါ်ပါတယ်။ သူတို့ဟာ အတူတကွ ဣသရေလနိုင်ငံတစ်ဝန်းလုံး ခရီးသွားလှည့်လည်ခဲ့ကြပြီး၊ ယေရှုဟာ သူတို့နဲ့အတူ နောင်တတရား၊ တရားစီရင်ခြင်း၊ နှိမ့်ချခြင်း၊ တန်းတူညီမျှရှိခြင်းနဲ့ ခွင့်လွှတ်ခြင်းတို့အကြောင်း ဟောပြောသွန်သင်ခဲ့တယ်။ ယေရှုခရစ်တော်ပြုလုပ်ခဲ့တဲ့ ဖျားနာသူတွေကို ကျန်းမာစေခြင်း၊ မျက်မမြင်ဘဝနဲ့ မွေးဖွားလာသူတွေကို မျက်စိမြင်စေခြင်း၊ နတ်ဆိုးတွေကို နှင်ထုတ်ခြင်းကဲ့သို့သော များစွာသော နိမိတ်လက္ခဏာ အံ့ဩဖွယ်ရာတွေကြောင့် လူအများရဲ့အာရုံစိုက်မှုကို ရရှိခဲ့တယ်။ လူအများအပြားက ယေရှုကို ပိုမိုစိတ်ဝင်စားလာကြတယ်။ သူသွားလေရာရာမှာ လူအုပ်ကြီးတွေ စုရုံးရောက်ရှိလာကြတယ်။ လူတိုင်းက သူ့ကို မြင်လို၊ စကားပြောလို၊ ထိတွေ့လိုကြတယ်။

ကြီးမားသော မျှော်လင့်ချက်

လူတွေဟာ ယေရှုအပေါ် ကြီးမားသော မျှော်လင့်ချက်တွေ ထားရှိခဲ့ကြတယ်။ အဲဒီအချိန်က ဂျူးလူမျိုးတွေဟာ ရောမတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေခဲ့ရတယ်။ သူတို့ရဲ့ကျမ်းစာမှာ လူတွေကို ကယ်တင်မယ့် ကယ်တင်ရှင် 'မေရှိယ' ကြွလာမယ်လို့ ပရောဖက်ပြုထားတယ်။ အဲဒီသူတွေက ယေရှုဟာ အဲဒီကယ်တင်ရှင်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြတယ်။ ယေရှုကိုယ်တိုင်လည်း သူဟာ မေရှိယဖြစ်တယ်လို့ ပြောကြားခဲ့တယ်။ ယေရှုရဲ့အသက် ၃၃ နှစ်ခန့်မှာ ပသခါပွဲတော်ကို ဆင်နွှဲဖို့ ယေရုရှလင်မြို့တော်ကို သွားရောက်တဲ့အခါ၊ ယေရှု မြို့ထဲကိုဝင်လာတာနဲ့ လူတွေဟာ အလွန်ဝမ်းမြောက်ဝမ်းသာစွာ "ယေရှုဟာ ဘုရင်ဖြစ်တယ်" လို့ ကြွေးကြော်ကြိုဆိုခဲ့ကြတယ်။ သို့သော် အရာအားလုံးဟာ သူတို့မျှော်လင့်ထားသလို ဖြစ်မလာဘဲ၊ ပြောင်းပြန်ဖြစ်သွားပါလိမ့်မယ်။

ပူပေါင်းကြံစည်မှု

နိုင်ငံရဲ့ ဂျူးဘာသာရေးခေါင်းဆောင်တွေဟာ ယေရှုကို မကြည်ဖြူကြပါဘူး။ ယေရှုဟာ စောင့်မျှော်နေတဲ့ ကယ်တင်ရှင်ဖြစ်တယ်လို့လည်း မယုံကြည်ကြပါဘူး။ ယေရှုဟာ နောက်လိုက်တွေ အများကြီးရရှိလာပြီး သူတို့ရဲ့အာဏာကို ဆုပ်ကိုင်ထားနိုင်စွမ်း လျော့ကျလာတာကို မြင်တဲ့အခါ၊ သူတို့ဟာ ယေရှုကို အန္တရာယ်ရှိတဲ့ပြောဆိုချက်တွေ ပြုလုပ်လာစေဖို့ အကြိမ်ကြိမ် စိန်ခေါ်စမ်းသပ်ခဲ့ကြတယ်။ သို့သော်လည်း ယေရှုဟာ သူတို့အပင်ပန်းခံ ပြင်ဆင်ထားတဲ့ ထောင်ချောက်တွေကို အံ့ဩဖွယ်ကောင်းတဲ့ ဉာဏ်ပညာနဲ့ ပြန်လည်တုံ့ပြန်ပြီး ရှောင်တိမ်းသွားတတ်ရုံသာမက၊ မကြာခဏဆိုသလို သူတို့ရဲ့အတွင်းစိတ်နှလုံးသဘောကိုလည်း ဖော်ထုတ်ပြလေ့ရှိရာ၊ အဲဒီအရာက သူတို့ကိုပို၍ပင် အမျက်ထွက်စေခဲ့တယ်။

ယေရှုဟာ သူ့ရဲ့ဆက်ဆံရေးအားလုံးမှာ အလွန်ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်တည်ဆောက်ခဲ့တာကို တွေ့ရပါတယ်။ ရှင်ယာကုပ်ဩဝါဒစာမှာ “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟု လာသတည်း” လို့ ဖော်ပြထားပါတယ်။ ဒါဟာ ယေရှုကို နားလည်ဖို့ အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ သူဟာ ကျိုးပဲ့ကြေကွဲသူတွေ၊ နှိမ့်ချသူတွေအားလုံးအပေါ် ကြင်နာသနားတော်မူသော်လည်း၊ မာနကြီးသူတွေ၊ ထောင်လွှားသောသူတွေနဲ့ တခြားသူတွေကို ဖိနှိပ်သူတွေကိုတော့ ပြင်းထန်စွာ ဆန့်ကျင်ဆီးတားတော်မူခဲ့တယ်။ ဒီအကြောင်းကြောင့်ပင် အဲဒီအချိန်က ဂျူးဘာသာရေးခေါင်းဆောင်တွေက ယေရှုကို မုန်းတီးခဲ့ရတာ ဖြစ်ပါတယ်။

ဂျူးဘာသာရေးခေါင်းဆောင်တွေဟာ ယေရှုကို သေစေဖို့ ပိုပြီးပြင်းထန်တဲ့ နည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကြာသပတေးနေ့ညမှာ ယေရှုဟာ သူ့ရဲ့မိတ်ဆွေတွေနဲ့အတူ ပသခါပွဲကို ဆင်နွှဲခဲ့တယ်။ သူတို့ဟာ "နောက်ဆုံးညစာစားပွဲ" လို့ခေါ်တွင်မယ့် စားပွဲမှာ အတူစားနေခဲ့ကြတယ်။ ယေရှုဟာ ဖြစ်လာတော့မယ့်အကြောင်းအရာတွေကို အကျယ်တဝင့် ပြောပြနေခဲ့သော်လည်း၊ သူ့ရဲ့တပည့်တော်တွေကတော့ နားမလည်ခဲ့ကြပါဘူး။ အဲဒီညနှောင်းပိုင်းအချိန် ရောက်ရှိလာတဲ့အခါမှာတော့ အလှည့်အပြောင်းတစ်ခု ရောက်ရှိလာခဲ့တယ်။ ယေရှုဟာ ဂေသရှေမန်ဥယျာဉ်ထဲမှာ လမ်းလျှောက်နေစဉ်၊ ဂျူးခေါင်းဆောင်တွေက ငွေနဲ့လက်ထိုးထားတဲ့ ယေရှုရဲ့နောက်လိုက်တစ်ဦးဖြစ်သူ ယုဒရှကာရုတ်က စစ်သားတွေကို ယေရှုဆီ ခေါ်ဆောင်လာပြီး၊ ယေရှုကို အနမ်းနဲ့ သစ္စာဖောက်ခဲ့တယ်။ ယေရှုဟာ ဖမ်းဆီးခံခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရပါတယ်။

 အသေခံတော်မူခြင်း

 ဂျူးဘာသာရေးခေါင်းဆောင်တွေဟာ ယေရှုက ဂျူးဥပဒေတွေကို ချိုးဖောက်နေကြောင်း ပိလတ်မင်း (အဲဒီအချိန်က ယေရုရှလင်က ရောမဘုရင်ခံ) ကို ယုံကြည်လာအောင်၊ ယေရှုကို ပိလတ်မင်းဆီ စွဲချက်တင်ကြတယ်။ ဂျူးလူမျိုးအချင်းချင်းမသတ်ရဆိုတဲ့ ရောမဥပဒေကြောင့်၊ ဂျူးလူမျိုးတွေကိုယ်တိုင်က သူ့ကို သတ်ခွင့်မရှိပါဘူး။ ဒါကြောင့် သူတို့ရဲ့အမှုကို ရောမတွေရှေ့မှောက်ကို ယူဆောင်လာခဲ့ကြတယ်။ လူအများအပြားက ယေရှုကို ပြက်ရယ်ပြုပြီး မမှန်မကန် စွပ်စွဲကြသော်လည်း၊ ယေရှုဟာ ပြန်လည် ခုခံချေပခြင်း မပြုခဲ့ပါဘူး။ သူဟာ တိတ်ဆိတ်စွာနေတော်မူပြီး၊ လွန်ခဲ့တဲ့တစ်ပတ်မတိုင်မီက သူ့ကို ဘုရင်အဖြစ် ကြွေးကြော်ကြိုဆိုခဲ့တဲ့ လူအားလုံးရဲ့ ပစ်ပယ်ကဲ့ရဲ့ခြင်းကို ခံယူခဲ့တယ်။

ပိလတ်မင်းဟာ အစပိုင်းမှာ ချီတုံချတုံဖြစ်ခဲ့သော်လည်း၊ လူအုပ်ကြီးက အလွန်တောင်းဆိုနေပြီး အဓိကရုဏ်းဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက်၊ အဲဒီသူတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောခဲ့တယ်။

ယေရှုဟာ သေဒဏ်ချမှတ်ခံခဲ့ရပြီး၊ မသေဆုံးမီ ကြာပွတ်နဲ့ရိုက်နှက်ခံရကာ ပြက်ရယ်ပြုခြင်းကိုလည်း ခံခဲ့ရတယ်။ ယေရှုဟာ ရက်စက်ကြမ်းကြုတ်စွာ လက်ဝါးကပ်တိုင်ပေါ်မှာ ဆွဲထားခံခဲ့ရပြီး အလွန်တရာနာကျင်စွာနဲ့ အသက်ပေးခဲ့ရပါတယ်။

ယေရှု သေဆုံးတဲ့ သောကြာနေ့မှာ၊ ယေရှုကို သူဌေးတစ်ဦးရဲ့သင်္ချိုင်းဂူမှာ သင်္ဂြိုဟ်ခဲ့ပြီး၊ သူ့ရဲ့မိတ်ဆွေတွေကတော့ လုံးဝ မျှော်လင့်ချက်မဲ့ကာ ဝမ်းနည်းပူဆွေးခဲ့ကြတယ်။

ရှင်ပြန်ထမြောက်တော်မူခြင်း

နှစ်ရက်ကြာပြီးတဲ့အခါ၊ တနင်္ဂနွေနေ့မနက် နေမထွက်တထွက်အချိန်မှာ မာဂဒလမာရိဟာ ယေရှုကို သင်္ဂြိုဟ်ခဲ့တဲ့ သင်္ချိုင်းဂူကို သွားရောက်ကြည့်ရှုခဲ့ပြီး၊ သင်္ချိုင်းဂူဟာ ဗလာဖြစ်နေတာကို ထိတ်လန့်တုန်လှုပ်စွာ မြင်တွေ့ခဲ့တယ်။

 ယေရှု၏ အလောင်းတော် ဘယ်မှာလဲ။

သူမဟာ ရူးမတတ် လိုက်လံရှာဖွေခဲ့ရင်း ဥယျာဉ်မှူးတစ်ဦးလို့ထင်ရတဲ့သူကို သူမတွေ့တဲ့အခါ၊ သူမဟာ သူ့ကို သင်္ချိုင်းဂူ ဗလာဖြစ်နေကြောင်း ပြောပြနေခဲ့တဲ့အချိန်၊ အဲဒီသူက သူမရဲ့အမည်ကိုခေါ်လိုက်တဲ့အခါမှာ သူမ သူ့ကို မှတ်မိသွားတယ်။

 ထိုသူမှာ ယေရှုပင်! သူ အသက်ရှင်နေပြီ!

သူမဟာ သူမရဲ့မိတ်ဆွေတွေဆီ ပြန်ပြေးသွားခဲ့ပြီး သင်္ချိုင်းဂူကအဖြစ်အပျက်တွေကို ပြောပြခဲ့သော်လည်း၊ သူတို့ဟာ အစပိုင်းမှာ သူမကို မယုံကြည်ခဲ့ကြပါဘူး။ သူတို့ထဲက အချို့ကတော့ အလျှင်အမြန်သွားရောက်ကြည့်ရှုခဲ့ပြီး၊ ယေရှုရဲ့အလောင်းတော် ထားရှိခဲ့တဲ့သင်္ချိုင်းဂူဟာ ယခု ဗလာဖြစ်နေတာကို တွေ့ခဲ့ကြတယ်။

အဲဒီသူတွေဟာ မြို့ထဲမှာ အတူတကွနေထိုင်ဖို့ ဆုံးဖြတ်လိုက်ကြပြီး၊ သူတို့ဟာ အာဏာပိုင်တွေကို ကြောက်ရွံ့တဲ့အတွက် ပြတင်းပေါက်တွေကို ပိတ်ပြီး တံခါးတွေကို သော့ခတ်ထားခဲ့ကြတယ်။ အဲဒီနောက် ယေရှုဟာ သူတို့အလယ်မှာ ပေါ်လာတော်မူခဲ့ပြီး၊ သူတို့အားလုံး သူ့ကို မြင်တွေ့ကြားသိခဲ့ရတယ်။

ကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်း

 လူပေါင်း ၅၀၀ ကျော်က သူတို့ဟာ ယေရှု အသေခံပြီးနောက် အသက်ရှင်နေတာကို မြင်တွေ့ခဲ့ရကြောင်း ပြောဆိုကြတယ်။ သူဟာ ရက်ပေါင်းလေးဆယ်ကြာအောင် လှည့်လည်သွားလာပြီး၊ ထာဝရအသက်နဲ့ အပြစ်လွှတ်ခြင်းအကြောင်းတွေကို လူတွေဆီ ဟောပြောခဲ့တယ်။ ဒီအမှုအရာတွေအားလုံးအထက်မှာ၊ ယေရှုဟာ သူထွက်ခွာသွားပြီးနောက်မှာ သူ့ရဲ့တပည့်တော်တွေကို ဘယ်အမှုကိုပြုရမယ်ဆိုတာကို ရှင်းလင်းစွာ မှာကြားခဲ့တယ်။ သို့သော် ယေရှုဟာ နောက်တစ်ကြိမ် သေဆုံးဖို့အတွက် သေခြင်းကနေ ရှင်ပြန်ထမြောက်ခဲ့တာ မဟုတ်ပါဘူး။ သူဟာ ယနေ့တိုင် အသက်ရှင်နေဆဲဖြစ်ပြီး ကောင်းကင်ဘုံသို့ တက်ကြွတော်မူခဲ့တာ ဖြစ်ပါတယ်။ ယေရှုဟာ ကြီးမြတ်တဲ့ ဘုန်းတန်ခိုးအာနုဘော်နဲ့ ဘုန်းအသရေနဲ့အတူ ကောင်းကင်ယံကို တက်ကြွသွားပြီး၊ သူတို့ရဲ့မျက်စိအောက်ကနေ ကွယ်ပျောက်သွားတာကို ကြည့်ရှုနေခဲ့ကြတယ်။ သူတို့ဟာ အံ့ဩမှင်သက်နေခဲ့ကြသော်လည်း၊ ဝမ်းမြောက်မှုနဲ့လည်း ပြည့်နှက်နေခဲ့ကြတယ်။ အဘယ်ကြောင့်ဆိုသော် သူတို့ဟာ ဘယ်အမှုအရာကိုလုပ်ရမယ်၊ ဘယ်ကိုသွားရမယ်ဆိုတာကို သူတို့ နောက်ဆုံးမှာ နားလည်သွားကြတဲ့အတွက် ဖြစ်ပါတယ်။

ယေရှုဟာ သူ့ရဲ့နောက်လိုက်တွေကို တိကျတဲ့ညွှန်ကြားချက်နဲ့ ချန်ထားခဲ့တယ်။ သူတို့ဟာ ယေရုရှလင်ကို သွားပြီး အတူတကွနေထိုင်ကာ အတူတကွဆုတောင်းရမယ်။ ဆယ်ရက်ကြာပြီးတဲ့အခါမှာတော့၊ ပင်တေကုတ္တေနေ့ကိုရောက်တဲ့အခါ၊ တပည့်တော်တွေဟာ မီးနဲ့လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နဲ့လည်းကောင်း ဖြည့်ခြင်းကို ခံခဲ့ကြတယ်။ ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာ တပည့်တော်တွေကို ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ကြောင်း၊ ယေရှုအသက်ရှင်နေကြောင်း တစ်ကမ္ဘာလုံးကို သတင်းကောင်းဝေငှဖို့ နှိုးဆော်ခဲ့တယ်။ သူတို့ဟာ ကမ္ဘာတစ်ဝန်းလုံးကို ပြန့်နှံ့သွားပြီး နေရာတိုင်းမှာ အသင်းတော်တွေ စတင်တည်ထောင်ခဲ့ကြတယ်။

ယနေ့တိုင်အောင်၊ ဒီအသင်းတော်တွေဟာ "ယေရှု အသက်ရှင်တော်မူ၏" ဆိုတဲ့ တူညီသော သတင်းစကားကို ပြောကြားနေကြပါတယ်။

04 | ယေရှု၏ အမှုတော်

ယေရှုရဲ့အမှုတော်ဟာ ဘယ်အရာဖြစ်ခဲ့မလဲ။ ဒီသတင်းစကားကိုကြားသိစေဖို့ ယေရှုကိုယ်တော်တိုင် သူ့အသက်ကိုပင် ပေးဆပ်ခဲ့ရတဲ့အထိ၊ ကျွန်ုပ်တို့ကို သိကြားစေချင်တဲ့ အရေးကြီးတဲ့ သတင်းစကားဖြစ်ပါတယ်။ ယေရှုဟာ လူတန်းစားအလွှာအသီးသီးက လူအမျိုးမျိုးနဲ့ စကားပြောခဲ့တယ်။ ယေရှုဟာ များစွာသော လူအုပ်ကြီးတွေကိုလည်း မိန့်မြွက်ဟောပြောခဲ့သလို၊ လူတွေရဲ့အိမ်တွေမှာ အတူတကွစားသောက်ဖို့လည်း အချိန်ပေးခဲ့တယ်။ ဘာကြောင့်လဲ။ ယေရှုဟာ ဘယ်အရာတွေအကြောင်း ပြောဆိုခဲ့သလဲ။ ကိုယ်တော်ပြောခဲ့တာတွေကို အပြည့်အစုံ အကျဉ်းချုံးဖို့ မလွယ်ကူပါဘူး။ သို့သော် အနည်းဆုံး ဒီအချက်သုံးချက်ကတော့ ယေရှုအတွက် အလွန်အရေးပါခဲ့တဲ့အရာတွေ ဖြစ်ပါတယ်။

၁။ ခွင့်လွှတ်ခြင်း

၂။ တရားမျှတခြင်း

၃။ မိမိ၏ဖြစ်ခြင်း (Identity)

05 | သမ္မာကျမ်းစာတစ်လျှောက်

ယေရှုရဲ့အကြောင်းကို ဓမ္မသစ်ကျမ်းမှာသာ ရေးသားထားတယ်လို့ သင်ထင်ရင် သင်မှားပါလိမ့်မယ်။ လူတွေဟာ ယေရှုမမွေးဖွားမီ ကာလကြာမြင့်စွာကတည်းက ယေရှုအကြောင်းကို ရေးသားခဲ့ကြပါတယ်။ ၎င်းကို 'ပရောဖက်ပြုချက်များ' လို့ ခေါ်ဆိုပါတယ်။ သမ္မာကျမ်းစာကို ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားထားပါတယ်။ ပထမပိုင်းဟာ ဂျူးတို့ရဲ့ မြင့်မြတ်တဲ့ ကျမ်းစာတွေကို အခြေခံထားပါတယ်။ ဒုတိယပိုင်းကိုတော့ ယေရှုကြွလာပြီးနောက် ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ယေရှုကို မျက်မြင်တွေ့ခဲ့သူတွေနဲ့ နောက်လိုက်တွေ၊ တပည့်တော်တွေက ယေရှုရဲ့လုပ်ဆောင်ချက်တွေနဲ့ အသက်တာ၊ ဘဝခရီးအကြောင်း အားလုံးကို မှတ်တမ်းတင်ခဲ့ကြတယ်။ ခရစ်ယာန်တွေအတွက်တော့ ဒီကျမ်းနှစ်စောင်ဟာ တစ်ခုနဲ့တစ်ခု နက်ရှိုင်းစွာ ချိတ်ဆက်နေပါတယ်။ ဓမ္မဟောင်းကျမ်းမှာ မေရှိယကြွလာခြင်းအကြောင်း ပရောဖက်ပြုချက်တွေ၊ ကြိုတင်ဟောကိန်းတွေများစွာ ပါဝင်ပြီး၊ အဲဒီမေရှိယဟာ ဂျူးလူမျိုးတွေကိုသာမက တစ်ပါးသောလူမျိုးတွေကိုပါ လွတ်မြောက်စေမယ့် ကယ်တင်ရှင်တစ်ပါး ဖြစ်ပါတယ်။ ဒီပရောဖက်ပြုချက်များစွာဟာ ယေရှုနဲ့အတူ ပြည့်စုံလာခဲ့ပါတယ်။ ယေရှုရဲ့မွေးဖွားခြင်း၊ အသေခံတော်မူခြင်းနဲ့ ရှင်ပြန်ထမြောက်တော်မူခြင်းတို့နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း တိကျစွာ ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။

သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းမှာ ယေရှုဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်မယ့်အကြောင်း အနာဂတ်အကြောင်း ပရောဖက်ပြုချက်တွေ ပါဝင်ပါတယ်။ ယေရှုဟာ သမ္မာကျမ်းစာ အစမှအဆုံးတိုင် တစ်လျှောက်လုံးမှာ ချည်တစ်မျှင်ကဲ့သို့ ရောယှက်ပါဝင်နေပါတယ်။

သမ္မာကျမ်းစာဟာ ဆက်လက်စူးစမ်းလေ့လာရှာဖွေထိုက်တဲ့ စိတ်ဝင်စားဖွယ်ကောင်းသော စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ယေရှုအကြောင်း ပိုမိုလေ့လာနိုင်ရုံသာမက၊ ကမ္ဘာမြေကြီးရဲ့ ဖန်ဆင်းခြင်း၊ သမိုင်းနဲ့ ဘုရားသခင်အကြောင်းတွေကိုလည်း သမ္မာကျမ်းစာမှာ လေ့လာနိုင်ပါတယ်။

06 | ပြက္ခဒိန်မှတစ်ဆင့်

ယေရှုသာမရှိခဲ့ရင်၊ သင့်ရဲ့မွေးနေ့ရက်စွဲဟာ လုံးဝကွဲပြားခြားနားသွားမယ်ဆိုတာကို သင်သိပါသလား။ အမှန်တကယ်တော့၊ ကျွန်ုပ်တို့ရဲ့ခေတ်ကာလဟာ ယေရှုရဲ့မွေးဖွားတဲ့နှစ်ကို အခြေခံထားပါတယ်။ ယခု ကျွန်ုပ်တို့ ၂၁ ရာစုမှာ နေထိုင်နေခြင်းဟာ လွန်ခဲ့တဲ့ ရာစုနှစ် ၂၀ ကျော်က ယေရှု အသက်ရှင်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ခရစ်ယာန်ခေတ်ကို 'Anno Domini' လို့လည်းခေါ်ပြီး၊ ဒါဟာ "သခင်ဘုရား၏ နှစ်ကာလ" လို့ အဓိပ္ပာယ်ရပါတယ်။ ၎င်းဟာ ယေရှုမွေးဖွားပြီးနောက် ပထမဆုံးနှစ်ကို အမှတ်အသားပြုပြီး အတိုကောက် 'AD' လို့ သုံးနှုန်းပါတယ်။

သမိုင်းစာအုပ်တွေမှာ 'ခရစ်တော်မတိုင်မီ' သို့မဟုတ် 'ခရစ်တော်နောက်ပိုင်း' ဆိုတဲ့ အသုံးအနှုန်းတွေကိုလည်း သင်မကြာခဏ တွေ့ရနိုင်ပါတယ်။ ဒါကြောင့် ယေရှုမမွေးဖွားမီနဲ့ ယေရှုမွေးဖွားပြီးဟူ၍၊ ယေရှုဟာ သမိုင်းမှာ စံသတ်မှတ်ချက်တစ်ခု ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင်၊ ကျွန်ုပ်တို့ရဲ့ ပြက္ခဒိန်ဟာ ခရစ္စမတ်နဲ့ အီစတာကဲ့သို့သော ခရစ်ယာန်အားလပ်ရက်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါတယ်။ အဲဒီပွဲတော်နှစ်ခုစလုံးဟာ ယေရှုရဲ့မွေးဖွားခြင်း၊ အသေခံခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကို အဓိကထားပြီး ဆင်နွှဲဂုဏ်ပြုတဲ့ အားလပ်ရက်တွေ ဖြစ်ကြပါတယ်။

07 | သေခြင်းတရား၏ တစ်ဖက်

ဘဝမှာ လူတိုင်း တွေ့ကိုတွေ့ကြုံလာရမယ့် အမှန်တရားတွေထဲက တစ်ခုကတော့ ကျွန်ုပ်တို့အားလုံး သေဆုံးရမှာဖြစ်ပြီး၊ သက်ရှိအားလုံးဟာ နောက်ဆုံးမှာ သေဆုံးကြရမှာ ဖြစ်ပါတယ်။ လူအများစုဟာ သေခြင်းတရားအကြောင်း စဉ်းစားချိန်တိုင်း စိတ်သောကရောက်ကာ "သေခြင်းတရားဟာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါပဲ" လို့အောက်မေ့ပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်ကြတယ်။ သို့သော် အဲဒီအရာက မည်သူ့ကိုမျှ အမှန်တကယ် စိတ်သက်သာရာရစေမှာ မဟုတ်ပါဘူး။ သူတို့ရဲ့အတွင်းနှလုံးသားထဲမှာ သေခြင်းတရားနဲ့ပတ်သက်ပြီး ကြောက်ရွံ့တတ်ကြတယ်။

ဒီအရာဟာ ဘာကြောင့်ဖြစ်သလဲဆိုရင်၊ ကျွန်တော်တို့ဟာ သေဆုံးဖို့အတွက် ဖန်ဆင်းခံခဲ့ရခြင်းမဟုတ်ဘဲ၊ အဲဒီအရာထက်ပိုတဲ့အရာအတွက် ဖန်ဆင်းခံခဲ့ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဘုရားသခင်နဲ့အတူ ထာဝရအသက်ရှင်ဖို့ ဖန်ဆင်းခံခဲ့ရခြင်း ဖြစ်ပါတယ်။ အဲဒီအရာဟာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ရနိုင်သော်လည်း၊ သင်ယခုအချိန်မှာ နားမလည်သေးသည့်တိုင်၊ သင့်ရဲ့စိတ်ဝိညာဉ်အတွင်းမှာ အဲဒီအရာနဲ့ပတ်သက်ပြီး ပဲ့တင်ထပ်နေတဲ့ အသံတစ်ခု ရှိနေပါလိမ့်မယ်။

ခရစ်ယာန်တွေက ကျွန်ုပ်တို့ အသက်ရှုရပ်သွားသည့်တိုင် ဘဝကြီးဟာ ဆက်လက်တည်ရှိနေတယ်လို့ ယုံကြည်ကြတယ်။ ကျွန်ုပ်တို့ဟာ ခန္ဓာ၊ စိတ်၊ ဝိညာဉ်နဲ့ မွေးဖွားလာတယ်လို့ ယုံကြည်ကြတယ်။ ခန္ဓာကိုယ်က ကျွန်ုပ်တို့ကို လောကထဲမှာ အသက်ရှင်နေထိုင်သွားလာနိုင်စေတယ်။ ကျွန်ုပ်တို့ရဲ့စိတ်ဝိညာဉ်က အခြားသူတွေနဲ့ ဘုရားသခင်ရဲ့ ချိတ်ဆက်မှုကို ရှာဖွေတယ်။ ကျွန်ုပ်တို့ သေဆုံးတဲ့အခါ၊ ကျွန်ုပ်တို့ရဲ့ဝိညာဉ်ဟာ ဆက်လက်တည်ရှိနေပါတယ်။ အကယ်၍ ယေရှုကို သင့်ရဲ့အသက်သခင်နဲ့ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံထားရင်၊ သင့်ရဲ့နှလုံးခုန်ရပ်သွားတဲ့အခါ၊ သင်ဟာ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ မျက်မှောက်တော်မှာ ရှိနေပါလိမ့်မယ်။

08 | ဤအရာအားလုံးအပေါ် မည်ကဲ့သို့ သဘောထားရမည်နည်း?

ဒီအရာအားလုံးဟာ သင့်ကို ပိုပြီးရှုပ်ထွေးစေပြီး အဖြေတွေထက် မေးခွန်းတွေကိုသာ ပိုမိုကျန်ရစ်စေပါသလား။ ဒါက ကိစ္စမရှိပါဘူး။ အမှန်အတိုင်းပြောရရင်၊ ယေရှုဟာ မေးခွန်းများစွာကို ပေါ်ပေါက်စေခဲ့ပါတယ်။ ရာစုနှစ်ပေါင်းများစွာတိုင် ယေရှုဟာ ဘယ်သူဖြစ်တယ်၊ ယေရှုရဲ့သွန်သင်ချက်တွေအပေါ် မတူညီကွဲပြားတဲ့ အမြင်တွေများစွာ ရှိခဲ့တယ်။ ယနေ့ခေတ်မှာပင် ခရစ်ယာန်အချင်းချင်း အမြင်မတူကြပါဘူး။ သမိုင်းအတွင်းမှာ အသင်းတော်တွေအတွင်း ဂိုဏ်းဂဏကွဲပြားမှုတွေနဲ့ ပြည့်နှက်နေတာကိုပင် မြင်တွေ့ရပါတယ်။ ရောမကက်သလစ်အသင်းတော်နဲ့ ပရိုတက်စတင့်အသင်းတော်တို့ဟာ ရာစုနှစ်ပေါင်းများစွာ တစ်ဖက်နဲ့တစ်ဖက် ဆန့်ကျင်ဘက်ပြုခဲ့ကြပြီး၊ ကြီးမားသောစစ်ပွဲတွေအထိ ဖြစ်ပွားခဲ့ကြတာကိုလည်း မြင်တွေ့ရပါတယ်။ ဘာသာတရားဟာ နိုင်ငံရေးအာဏာနဲ့ မကြာခဏ ရောထွေးနေတတ်တာကိုလည်း သင်တွေ့ရပါလိမ့်မယ်။ အလယ်ခေတ်မှာ၊ အသင်းတော်တွေကို အသုံးချပြီး လူတွေကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခုအဖြစ် မကြာခဏ အသုံးပြုခဲ့တာကိုလည်း တွေ့ရပါတယ်။

အဲဒီအရာအားလုံးကို ဘေးဖယ်ထားရင်၊ ယေရှုကိုယ်တော်တိုင်က သူ့ရဲ့အချိန်အခါက နိုင်ငံရေးအာဏာပြိုင်ဆိုင်မှုမှာ မစွက်ဖက်ဖို့ အလွန်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ လူအများအပြားက ယေရှုဟာ သူတို့ကို ရောမတွေရဲ့ ဖိနှိပ်မှုကနေ ကယ်တင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြသော်လည်း၊ ယေရှုဟာ အကြမ်းဖက်မှုကို မည်သည့်အခါမျှ လုပ်ဆောင်လိမ့်မည်မဟုတ်ပါ။

9 | ဒါဆို ဤအရာက သင့်အတွက် ဘာအဓိပ္ပာယ်ရှိသလဲ?

ယေရှုကို သာ၍သိကျွမ်းလာခြင်းဟာ စစ်မှန်တဲ့စူးစမ်းရှာဖွေလေ့လာမှု ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ ခရစ်ယာန်များစွာက ဒီခရီးစဉ်ဟာ ဘယ်တော့မှ ပြီးဆုံးနိုင်မှာမဟုတ်ဘူးလို့ ပြောကြပါလိမ့်မယ်။ ယေရှု၌ မတူညီတဲ့ ရှုထောင့်များစွာရှိပြီး၊ ယေရှုဟာ ဘုရားသခင်အကြောင်း များစွာကိုလည်း ဖော်ပြခဲ့တယ်။ ယေရှုရဲ့အတွေးအခေါ်တွေဟာ အဲဒီအချိန်ကသာမက၊ ယခုအချိန်ထိ လူအများလက်ခံထားတဲ့ အတွေးများစွာကို တော်လှန်ပြီး နက်ရှိုင်းလွန်းလှပါတယ်။ ကိုယ်တော်ဟာ လူအများအတွက် ကြီးမားသော စိတ်ခွန်အားဖြစ်စေခဲ့ပါတယ်။ ခရစ်ယာန်တွေက ဘုရားသခင်ဟာ လူတိုင်းကိုသာမက၊ သင့်ကိုလည်း ချစ်တယ်လို့ ယုံကြည်ကြတယ်။ သူတို့က ယေရှုဟာ "ကံကောင်းသူအနည်းငယ်" အတွက်သာ ကြွလာခဲ့ခြင်းမဟုတ်ဘဲ၊ ဘုရားသခင်ဟာ လူအားလုံးကို သူ့ရဲ့သားသမီးတွေအဖြစ် ရှုမြင်ပြီး၊ အဲဒီလူသားအားလုံးအတွက် ယေရှုဆင်းကြွလာတယ်လို့ ယုံကြည်ကြတယ်။ ကိုယ်တော်ဟာ သူ့ရဲ့သားသမီးတွေရဲ့ ဘဝအစိတ်အပိုင်းတစ်ခုစီတိုင်းမှာ အတူပါရှိလိုပြီး၊ ခက်ခဲတဲ့အချိန်တွေမှာ ကူညီဖို့၊ ဉာဏ်ပညာရှိတဲ့ အကြံဉာဏ်တွေပေးဖို့၊ ရှေ့ဆက်နိုင်ဖို့ ခွန်အားကိုပေးဖို့နဲ့၊ သင် လမ်းမှားတဲ့အခါ သင့်ကို လမ်းမှန်ပြင်ပေးဖို့ အလိုတော်ရှိတယ်။

ဤအရာအားလုံးကို သင် နားလည်သဘောပေါက်နိုင်ပါသလား။

ယေရှုဟာ သမ္မာကျမ်းစာ၊ ပြက္ခဒိန်နဲ့ အနုပညာဆိုင်ရာကဏ္ဍတစ်လျှောက်မှာ အဓိကကျတဲ့ ပုံရိပ်တစ်ခု ဖြစ်နိုင်သော်လည်း၊ အဲဒါက သူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန် ဖြစ်ခဲ့ပါသလား။ ကျော်ကြားခြင်း၊ ဉာဏ်ပညာရှိသော ဆရာ သို့မဟုတ် ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရခြင်း၊ ပန်းချီကားတွေ ဒါမှမဟုတ် စာအုပ်တွေမှာ ပုံနှိပ်မှတ်တမ်းတင်ခံရခြင်းက သူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန် ဖြစ်ခဲ့ပါသလား။

ယေရှုဟာ အဲဒီအရာတွေရဲ့ ကြီးမားတဲ့ခွန်အားအရင်းအမြစ်တစ်ခု ဖြစ်နိုင်သော်လည်း၊ သူ့ရဲ့အာရုံဟာ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်၊ အမြဲတမ်းမှာ လူသားတွေဖြစ်ကြတဲ့ သင်နဲ့ကျွန်ုပ်အပေါ်မှာပဲ ဖြစ်ပါတယ်။ သင်ယခုအချိန်မှာ ဒီအရာကို နားမလည်နိုင်သေးသည့်တိုင်၊ ယေရှုဟာ သင်နဲ့အလွန်ရင်းနှီးကျွမ်းဝင်လိုပါတယ်။

သင်ကြားခဲ့ဖူးသော ယေရှုထက်၊ ယေရှုသည် အဘယ်သူနည်း။

"The Chosen" ဇာတ်လမ်းတွဲကို ကြည့်ပြီး ယေရှုရဲ့ မေတ္တာ ကရုဏာတရား၊ ခွန်အားနဲ့ နေ့စဉ်ဘဝ ဆက်ဆံရေးတွေကို ထိထိမိမိနဲ့ အသက်ဝင်လာအောင် ပုံဖော်ထားသည်ကို တွေ့ကြုံခံစားလိုက်ပါ။